အခန်း ၁၀၀ ကျော်ပါသည့် ရေပေါ်ဟိုတယ် ဖွင့်မည်
DVB
·
October 28, 2013
သင်္ဘောပေါ်မှာ အခန်း ၁၀၄ ခန်းနဲ့ ဖွဲ့စည်းထားတဲ့ ရေပေါ်ဟိုတယ် ၁ ခုကို ဗိုလ်တထောင် ဆိပ်ကမ်းမှာ လာမယ့် ဇန်န၀ါရီလအတွင်း ဖွင့်လှစ်မယ်လို့ စီစဉ်ဆောင်ရွက်နေတဲ့ လှလှပပ ကုမ္ပဏီရဲ့ စီမံကိန်းအင်ဂျင်နီယာ ဦးလင်းဟန်က ပြောပါတယ်။
ဒီ စက်မဲ့သင်္ဘောကို ရေပေါ်ဟိုတယ်လုပ်ဖို့ ဖင်လန်နိုင်ငံက ၀ယ်ယူ သယ်ဆောင်လာတာ ဖြစ်ပြီး မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ၁ သောင်း ၂ ထောင် ရေလုံသင်္ဘောကျင်းမှာ ဟိုတယ် အနေအထား ပြည့်မီအောင် ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။
ရေပေါ်ဟိုတယ် ၂ ယောက်အိပ် အခန်း ၁၀၄ ခန်း၊ ဘားကောင်တာနဲ့ စားသောက်ခန်း ၂ ခန်း ပါမယ်လို့ ဆိုပါတယ်။
ဒီဟိုတယ် ဖွင့်လှစ်ခွင့်ကို ပို့ဆောင်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့တာ ဖြစ်ပြီး ရန်ကုန် ဆိပ်ကမ်းနယ်မြေ ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တစိတ်တပိုင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဟိုတယ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရေပေါ်ဟိုတယ် ဖြစ်ပါတယ်။