မြစ်ကြီးနား၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦးသေဆုံး၊ အိမ်နှင့် ဆိုင်ကယ်များမီးရှို့ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရမ်ပူရပ်ကွက်၊ နယ်မြေ ၁၄(ခ)မှာ မတ်လ ၃၀ ရက် နေ့လည် ၁၂ နာရီကျော်က အာဏာသိမ်းကောင်စီရဲ့ အကြမ်းဖက်စစ်တပ်က ရပ်ကွက်ထဲအထိ ကျည်အစစ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူငယ်တစ်ဦး ရင်ဘတ်မှာ ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်တပ်ဖွဲ့တွေရဲ့  ပစ်ခတ်မှုကြောင့်  မောင်မျိုးမင်းသူ သေဆုံးသွားခဲ့ပြီး လက်မောင်းမှာ ဒဏ်ရာရရှိသူတစ်ယောက်ရှိကာ ကျန်  အမျိုးသားတစ်ယောက်ကိုလည်း ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

ဒါ့အပြင် အဲ့ဒီရပ်ကွက်ထဲက လူနေအိမ် ၁ လုံးနဲ့  ဆိုင်ကယ် ၃ စီး မီးရှို့ခံရလို့ ပျက်ဆီးသွားပါတယ်။

ဒေသခံ လူတစ်ယောက်က “ Honda Fit အိမ်စီးကားနဲ့  ရပ်ကွက်ထဲအထိ ဝင်ပစ်တယ်။ တစ်ယောက်သေတယ်။ တစ်ယောက်က လက်မောင်းမှာ ဒဏ်ရာရသွားတယ်။ ဆိုင်ကယ်ဝပ်ရှော့ဖွင့်တဲ့ အိမ်ကို ဆိုင်ကယ်ထဲက ဆီကိုထုတ်ပက်ပြီး မီးရှို့သွားတယ်။ ရဲနဲ့စစ်ဝတ်စုံရယ်၊ အရပ်သားဝတ်စုံတွေရောပါတယ်။ အင်အား ၃၀လောက်တော့ရှိမယ်။ သေနတ်အချက် ၄၀ နီးပါးလောက်ပစ်သွားတယ်။ ဒီနေ့နဲ့ဆို ၃ ရက်လောက်ရှိပြီ။ ဒီရပ်ကွက်ထဲကို ဝင်ဝင်ပစ်နေတာ ကျနော်တို့မှာ  နေ့လည်းမအိပ်ရ ညလည်းမအိပ်ရ ဖြစ်နေရတယ်”လို့ ပြောပါတယ်။ 

ရမ်ပူရပ်ကွက် နယ်မြေ ၁၄ (က)မှာလည်း မတ်လ ၂၉ ရက်နေ့ မနက် ၁၁နာရီကျော်က အင်အား ၃၀ လောက်ပါတဲ့ ရဲနဲ့စစ်တပ်က အိမ်စီးကားတွေနဲ့ ရပ်ကွက်အတွင်းဝင်ရောက်ပစ်ခတ်ခဲ့လို့ ကျည်အစစ်ထိမှန်သူ ၂ ယောက်နဲ့ ရာဘာကျည်ထိမှန်သူ ၃ ယောက်ရှိခဲ့ပြီး သူတို့ရဲ့ဒဏ်ရာတွေက သက်သာလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up