Home
မြန်မာသတင်း
မယ်လဒုက္ခသည်များ မြန်မာနိုင်ငံပြန်ပို့ခံရမည့်အရေး စိုးရိမ်နေ
DVB
·
October 26, 2013
ထောင်သောင်းချီတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေထဲမှာ မွေးဖွားလာခဲ့ပြီး အဲဒီမှာ ကြီးပြင်းလာခဲ့ကြတာပါ။ အခု သူတို့ဟာ မြန်မာနိုင်ငံ ပြန်ပို့ခံရမယ့်အရေးအတွက် စိုးရိမ်နေကြပါတယ်။ [caption id="attachment_45488" align="alignright" width="300" caption="မယ်လဒုက္ခသည်စခန်း (Photo: Andrew Chant)"][/caption] ဒုက္ခသည်တွေထဲက အသက် ၁၅ နှစ်ပဲရှိသေးတဲ့ ကောဝါးဟာ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲမှာရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သူ့ရဲ့ ထာဝရအိမ်ပဲလို့ မှတ်ယူထားခဲ့ပါတယ်။ အဲဒီ စခန်းဟာ ထိုင်း-မြန်မာ နယ်နိမိတ်အနီးမှာ ရှိပြီး သူ့မိဘတွေဟာလည်း အဲဒီမှာ ဘဝတလျှောက်လုံး နေထိုင်နေခဲ့တာပါ။ ကောဝါးဟာ အဲဒီကလွဲပြီး ဘယ်ကိုမှ မရောက်ခဲ့ဖူးပါဘူး။ “ကျနော် မြန်မာနိုင်ငံကို မရောက်ဖူးပါဘူး။ ကျနော် ဒီမယ်လမှာ မွေးခဲ့တယ်၊ တဘဝလုံး ဒီမှာပဲ” လို့ ကောဝါးက ပြောပြပါတယ်။ ကောဝါးဟာ အသက် ၁၅ နှစ်ရှိပြီး အဲဒီမှာမွေးခဲ့တာပါ။ အဲဒီစခန်းမှာ သူ့လိုမျိုး မြန်မာဒုက္ခသည်တွေ ၁ သိန်း ၃ သောင်းလောက်နေကြပါတယ်။ ကောဝါးဟာ သူ့မိခင်နိုင်ငံကို လုံးဝမရောက်ဖူးပါဘူး။ အများစုဟာ သူ့လိုမျိုးပဲ ကရင်အမျိုးသား လွတ်လပ်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တွေကြား နှစ်ပေါင်း ၆၄ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကနေ လွတ်မြောက်တဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်လာကြ သူတွေ ဖြစ်ကြပါတယ်။ အခုဆို သူတို့တွေဟာ မြန်မာနိုင်ငံကို အတင်းအဓမ္မ ပြန်ပို့ခံရတော့မယ့် အရေး ကြုံတွေ့နေရပါတယ်။ ထိုင်းနိုင်ငံကလည်း သူတို့ကို လက်ခံမထားချင်တော့တဲ့အတွက် အမေရိကန်နိုင်ငံလိုမျိုးတွေဆီ ကရင်ဒုက္ခသည်တွေအနေနဲ့ ပြန်လည်နေရာချထားဖို့ အစီအစဉ်တွေ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ် စတက်လာကတည်းက ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ဖိအားပေးမှုတွေ များလာနေခဲ့တာပါ။ ကရင်အမျိုးသား လွတ်လပ်ရေးတပ်မတော် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဆက်ဖြစ်နေပါတယ်။ မယ်လစခန်းမှာ အနှစ် ၂၀ နေထိုင်နေခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် ဒုက္ခသည် အဘိုးအို ဦးကျော်ဟင်က “ကျနော့်မြို့ကို ပြန်ရင် ကျနော် လုံခြုံမှာ မဟုတ်ဘူး။ ကျနော်တို့ကို ဖမ်းကြမယ်၊ နောက် သတ်ပစ်ကြမှာ။ ဟိုးတုန်းကဆိုရင် ကျနော်တို့ကို သိပ်နှိပ်စက်ကြတာ။ မြန်မာစစ်တပ် ကျုပ်တို့ရွာထဲဝင်လာပြီး ရွာသားတွေကိုရိုက်ပြီး ပေါ်တာအဖြစ် စစ်သားတွေအတွက် အလေးအပင်တွေ သယ်ခိုင်းတယ်” လို့ ပြောပါတယ်။ ဘန်ကောက်မြို့မှာ ရုံးထိုင်နေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗီဗီယန်တန်ကလည်း ကရင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မလုံခြုံသေးဘူးလို့ ပြောပါတယ်။ “အခုအချိန်မှာ အိမ်ပြန်ရင် မလုံခြုံသေးဘူးလို့ ကျမတို့ သိနေရတယ်။ ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့လိုပါတယ်။ မြေမြှုပ်မိုင်းတွေ အရင်ဆုံးရှင်းဖို့ လိုပါတယ်။ ပြည်သူပြည်သားတွေအတွက် အသက်အိုးအိမ် လုံခြုံမှုရှိပြီး အခြေခံလူ့အခွင့်အရေးအပြည့်အဝ ရှိဖို့ လိုအပ်ပါတယ်။” ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိနေတဲ့ ဒုက္ခသည်စခန်းတွေထဲက အကြီးဆုံးဖြစ်တဲ့ မယ်လစခန်းမှာ ရှိနေတဲ့ အိမ်ရာတွေက ပျက်စီးယိုယွင်းနေပြီး အမိုးအကာတွေကို အသစ်လုပ်ပေးဖို့လိုသလို ရွှံ့ဗွက်တွေနဲ့ပြည့်နေတဲ့ လမ်းတွေကို ပြုပြင်ဖို့လည်း လိုအပ်နေပါတယ်။ ဒုက္ခသည် ၄၀,ဝ၀ဝ ကျော်နေထိုင်တဲ့ မယ်လဒုက္ခသည်စခန်း နယ်နိမိတ်ဘောင်ကို သံဆူးကြိုးတွေနဲ့ ကာရံထားတဲ့အတွက် ထောင်အချုပ်တခုလိုမျိုးဖြစ်ပြီး စခန်းထဲနေတဲ့ ဒုက္ခသည်တွေဟာ စခန်းအပြင်ကို ထွက်ခွင့်မရသလို ထိုင်းနိုင်ငံထဲသွားပြီး အလုပ်လုပ်လို့လည်း မရပါဘူး။ မယ်လဒုက္ခသည်စခန်းထဲ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေထဲက ၉၀ ရာခိုင်နှုန်းလောက်ဟာ မြန်မာနိုင်ငံကို မပြန်ချင်ကြဘူးလို့ စစ်တမ်းကောက်ယူချက်တွေအရ သိရှိရပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရအာဏာပိုင်တွေက သူတို့ မြန်မာနိုင်ငံပြန်ဖို့အတွက် စီစဉ်ထားကြပြီးပြီလို့ သိရပါတယ်။ “ထိုင်းအာဏာပိုင်တွေပြောတာက နောက်တနှစ် နှစ်နှစ်လောက်ဆို ကျနော်တို့ ပြန်ရတော့မယ်တဲ့” လို့ ဦးကျော်ဟင်က ပြောပြပါတယ်။ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေး တဲ့အပေါ်မူတည်ပြီးမှ ဘယ်လောက်ထိ နေနိုင်မယ်ဆိုတာ သိရမှာပါလို့ မယ်လစခန်းက ရပ်ကွက်ခေါင်းဆောင်တဦးဖြစ်တဲ့ အားကေလူးက ပြောပြပါတယ်။ “၂၀၁၄ ခုနှစ်ထဲမှာ လူတယောက်အနေနဲ့ အရင်က ဆန်တလကို ၁၂ ကီလိုရနေတာကနေ ၈ ကီလိုပဲ ပေးတော့မယ်လို့ သိရတယ်။ အဲဒါနဲ့ဆို မလောက်ဘူး။ ကျနော်တို့အတွက် မလုံလောက်ဘူး။ ကျနော်တို့ကို ပေးမှာက အလှူရှင်တွေလှူတဲ့အပေါ် မူတည်တယ်တဲ့။ သူတို့မှာ ကျနော်တို့ကို ထောက်ပံ့ဖို့ ငွေလက်ကျန် မရှိတော့ဘူးလို့ ပြောတယ်။” (ဒီသတင်းဆောင်းပါးကို David Eimer  က ရေးသားထားပြီး ဒီနေ့ထုတ် South China Morning Post သတင်းစာမှာ ဖော်ပြထားပါတယ်။) ဘာသာပြန် - မောင်ဖေသက်နီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024