ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုတပ်တွေက ရပ်ကွက်လမ်းတွေထဲဝင်ပြီး သေနတ်တွေနဲ့ လိုက်လံ ပစ်ခတ်နေပါတယ်။
ကျောက်ငူ၊ ဝက်သတ်ချောင်၊ အောင်ချမ်းသာ၊ ရာမည စတဲ့ ရပ်ကွက်တွေနဲ့ ဘန့်ဘွေးကုန်းခံတပ်ကို လာရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၂ ဦး သေနတ်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
"အင်အား တော်တော်များပါတယ်။ ခံတပ်ရှိတဲ့ နေရာကို ရပ်ကွက်တွေထဲကနေ ညှပ်လာပြီ တိုက်တဲ့သဘောပါ ရပ်ကွက်တွေထဲကိုလည်း ပတ်ပစ်နေပါတယ်၊ လောလောဆယ် ခံတပ်ကတော့ ကျနော်တို့ ဆုတ်ပေးလိုက်ရပါတယ်၊ ထိခိုက်တဲ့သူတွေရှိပါတယ်''လို့ ခံတပ်မှာရောက်နေတဲ့ လူငယ်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ခံတပ်ကိုလာရောက်ပြီး အကြမ်းဖက်စစ်အုပ်စုတပ်တွေက သေနတ် အချက်ပေါင်းများစွာပစ်ခတ်စီးနင်းခဲ့သလို ရပ်ကွက်တွေထဲကိုလည်း သေနတ် အချက်ပေါင်း ရာကျော်အောင်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၂၇ ရက်နေ့က ရဲနဲ့စစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး မတ်လ ၂၈ ရက် မနေ့ညက ပစ်ခတ်မှုကြောင့် CDM ဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံးခဲ့ပါတယ်။
ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ဖြိုခွင်းခံရတာ ၁၀ ကြိမ်ရှိပြီး မတ်လ ၂၈ ရက်အထိ သေဆုံးသူ ၇ ဦးရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။