ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဖားကန့်-လုံးခင်း ရတနာနယ်မြေမှာ ရှိတဲ့ စက်ယန္တရားတွေကို ကုမ္ပဏီတချို့ဟာ မတ်လ ၂၈ ရက်က နေရာပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို စက်ယန္တယားတွေကိုနေရာပြောင်းရွှေ့ရတာဟာ မတ်လ ၂၇ ရက်နေ့ မြဥယျာဉ် ကျောက်မျက်တူးဖော်ကုမ္ပဏီမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့သက်ဆိုင်တယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
ဖားကန့်ကျောက်မျက်ကုမ္ပဏီတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံ တိုက်ခိုက်ရေး ရဲတပ်ရင်းတွေ စခန်းချ တပ်စွဲထားတာကြောင့်ဖြစ်ပြီး အဆိုပါ စခန်းတွေကို ကေအိုင်အေက ညစဉ်လိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရဲစခန်းတွေကို လက်နက်ကြီးနဲ့ပစ်ရင် ကုမ္ပဏီဝန်ထမ်းနဲ့ စက်ယန္တရားတွေ ထိခိုက်ပျက်စီး လာနိုင်တာကြောင့် ရဲတပ်ရင်းတွေကို ကုမ္ပဏီဝင်းအတွင်းက နေပြောင်းရွှေ့ပေးဖို့ ပြောဆိုခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ကုမ္ပဏီတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့က တခြားမှာ စခန်းပြောင်းဖို့ ပြောပြတယ်၊ လက်မခံဘူး။ သူတို့မပြောင်းတော့ ကျနော်တို့ပဲပြောင်းရတာပေါ့ "လို့ ကုမ္ပဏီတာဝန်ခံတဦးက ပြောပါတယ်။
ဖားကန့်ရတနာနယ်မြေမှာ မတ်လ ၂၇ ရက်က လုံးခင်းအုပ်စု ဖဝါမှော်နဲ့ ကထန်မှော်ရှိ မြဥယျာဉ် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဝင်းအတွင်း စခန်းချထားတဲ့ ရဲတပ်ရင်းစခန်းကို ကေအိုင်အေက လက်နက်ကြီး ပစ်ခတ်တာကြောင့် ကုမ္ပဏီဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တဦးသေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့် ရတနာနယ်မြေအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်နေတာလည်းဖြစ်ပါတယ်။