အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပစ်ခတ် နှိမ်နင်း ဖမ်းဆီးနေတာတွေကို ချက်ချင်းရပ်တန့်ပြီး ပြည်သူတွေကို လွတ်လွတ်လပ်လပ်ဆန္ဒဖော်ထုတ်ခွင့်ပြုဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ (၈) က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ကေအိုင်အေအနေနဲ့ ပြည်သူနဲ့ တစ်သားတည်းရှိကြောင်းနဲ့ ဆက်လက်ပြီး အာဏာသိမ်း စစ်ကောင်စီက ပြည်သူကို အကြမ်းဖက်နေမယ်ဆိုပါက ငြိမ်ခံနေမှာမဟုတ်ဘဲ ပြည်သူနဲ့အတူ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ မတ်လ ၂၈ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီမိုကရေစီနဲ့ အညီ ပြည်သူတွေ လမ်းမပေါ် ဆန္ဒထုတ်ဖော်နေတာကို နည်းအမျိုးမျိုးသုံးကာ ဆက်လက် ပစ်ခတ်ဖမ်းဆီးနေတာကို လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့လည်းဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မတ်လ ၂၈ ရက်မနက်က ကေအိုင်အေ တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၆ က အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။