မြန်မာစစ်တပ်က ပြည်သူကို အကြမ်းဖက်သတ်ဖြတ်သည့်အပေါ် ဂျပန်ကာကွယ်ရေးဝန်ကြီး ရှုတ်ချ

မြန်မာစစ်တပ်က အရပ်သားတွေအပေါ် အင်အားသုံးပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး   ပြစ်တင်ရှုတ်ချ စိုးရိမ်ကြောင်း ဂျပန်နိုင်ငံကာကွယ်ရေး၀န်ကြီး မစ္စတာ နိုဘုအိုကီရှီက ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ  ထုတ်ဖော်ပြောလိုက်ပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်နေ တယ်လို့ ပြော လိုက်ပါတယ်။ 

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ယာမဇာကီကလည်း ပြည်သူလူထုအပေါ် အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ရှုတ်ချကြောင်း၊ ဩစတြေးလျ၊ ကနေဒါ ၊ ဂျာမဏီ ၊ ဂရိ၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ယူကေနိုင်ငံတို့မှ စစ်ဦးစီးချုပ်များရဲ့ စုပေါင်းကြေညာချက် သဘောထားအတိုင်း ထပ်တူဖြစ်ကြောင်း မတ်လ ၂၈ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံ့တပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်ဘေးကို ပြည်ပ ခြိမ်းခြောက်မှု အန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်းလည်း ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက အဖန်တလဲလဲ တိုက်တွန်းပြောဆိုနေကြသည့်တိုင်အောင် အရပ်သားပြည်သူတွေအပေါ် မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့  အင်အားသုံး အကြမ်းဖက်မှုတွေကြောင့်  မတ်လ ၂၇ ရက် တစ်နေ့တည်းသေဆုံးသူအရေအတွက်  ၁၀၀ ကျော်အထိရှိခဲ့ပါတယ်။ 

 မြန်မာနိုင်ငံမှာ သေဆုံး၊ ဒဏ်ရာရသူ အများအပြား ဆက်လက်ထွက်ပေါ်နေတဲ့ အခြေအနေအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်လှုပ်ရှားမှုတွေအပေါ် ကျည်ဆန်အစစ်များ အသုံးပြုဖြိုခွင်းနေတာကို မည်သို့မျှ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့  ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပြီး ဒဏ်ရာရရှိခဲ့သူတွေ  အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သတယ်လို့လည်း  အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up