မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့က ကျဆုံးသွားတဲ့သူရဲကောင်း ၃ ဦးကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မှာ သင်္ဂြိုဟ်လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
မတ်လ ၂၇ ရက်နေ့က ပြင်ဦးလွင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦးကျဆုံးခဲ့ရပြီး ၂ ဦးကို ကားပေါ်ခေါ်တင်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။
ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာတော့ ကိုဟိန်းမင်းသိန်းရဲ့ အလောင်းကို ဆေးရုံကနေ မိသားစုဝင်တွေကို အသိမပေးပဲ အကြမ်းဖက်စစ်ကောင်စီက သင်္ဂြိုဟ်ဖို့ သယ်ဆောင်သွားခဲ့တာပါ။
အဲ့လိုသယ်ဆောင်သွားတာကို မိသားစုတွေက သိသိချင်းလိုက်သွားခဲ့တဲ့အတွက် အလောင်းကို မြင်တွေခဲ့ရပေမယ့် စစ်သားအင်အား ၁၀၀ ရှေ့မှာပဲ ချက်ချင်း သင်္ဂြိုဟ် လိုက်ရတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
မနက်ဖြန်မှ သင်္ဂြိုဟ်မယ့် မောင်ဟိန်းထက်ကိုတော့ အကြမ်းဖက်စစ်ကောင်စီက လာရောက်ယူဆောင်ခဲ့တာကြောင့် မိသားစုဝင်တွေရှေ့မှာပဲ ချက်ချင်း သင်္ဂြိုဟ် လိုက်ရပြီး ဖြစ်ဖြစ်ချင်းအလောင်းသယ်သွားတဲ့ ကိုအောင်မင်းနိုင်ကိုလည်း ဒီကနေ့မှာပဲ သင်္ဂြိုဟ် လိုက်ပါတယ်။
မနေ့ကျဆုံးသွားတဲ့ အလောင်းတွေကို စစ်တပ်က သူတို့ဘက် ကျည်နဲ့ပစ်တာမဟုတ်ကြောင်း အတင်းအကျပ် လက်မှတ်ထိုးပြီးမှ အလောင်းထုတ်ပေးတယ်လို့ မိသားစုဝင်ပြောပြချက်အရ သိရပါတယ်။
ပြင်ဦးလွင်မြို့မှာတော့ တားဆီးပိတ်ဆို့မှုတွေ များစွာရှိနေပြီး မတ်လ ၂၇ ရက်နေ့မှာ ပထမဆုံးအကြိမ် သွေးမြေကျခဲ့ရတဲ့ နေ့ဖြစ်ပါတယ်။