စစ်ကောင်စီကို ကာကွယ်ပေးနေတဲ့ အကြမ်းဖက် လက်နက်ကိုင် စစ်တပ်၊ ရဲတို့ရဲ့ ပစ်ခတ်မှုကြောင့် မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းကစတင်ကာ အနည်းဆုံး ပြည်သူ ၃ ဦးကျဆုံးပြီး လူပေါင်း ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ရှေးဦးသူနာပြုအဖွဲ့တွေထံက ညနေ ၅ နာရီထိ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ သိရပါတယ်။
ကျဆုံးသူတွေက အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ကျဆုံးအမျိုးသမီးက First Aid Team က ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မုံရွာမြို့မှာ ရတနာပုံ၊ ဘုန်းစိုး၊ သလ္လာ၊ အင်းရွာသစ်၊ ရန်ကင်းစတဲ့ သံလမ်းအရှေ့ဖက်ခြမ်းရှိ ရပ်ကွက်တွေမှာ ထိပ်တိုက်တွေ့ဆုံမှုတွေရှိပြီး အခြေအနေ တင်းမာနေတာပါ။
မနေ့ကလည်း မုံရွာမြို့မှာ အမျိုးသားနှစ်ဦးကျဆုံးခဲ့ပါသေးတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် မုံရွာမြို့မှာ ကျဆုံးသူ ၁၈ ဦးထက်မနည်း ရှိလာပြီလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့မှာပဲ ကလေးမြို့မှာလည်း အကြမ်းဖက် စစ်တပ်၊ ရဲတို့နဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့နေကြပြီး ပြည်သူတစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ အသေးစိတ်သတင်းအချက်အလက်တွေကိုတော့ ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။