စက်မှုဇုန်များ မီးပေးရေး ပုဂ္ဂလိကနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းနေ
DVB
·
October 25, 2013
ရန်ကုန်ဧရိယာက စက်မှုဇုန်တွေကို ၂၄ နာရီ လျှပ်စစ်ဓာတ်အား ပေးနိုင်ရေးအတွက် ပုဂ္ဂလိက ဓာတ်အားပေးလုပ်ငန်း လုပ်မယ့်သူတွေနဲ့ စက်မှုဇုန်ရဲ့ တာဝန်ရှိသူ လုပ်ငန်းရှင်တွေ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။
နှစ်ဖက် သဘောတူညီချက်ရရင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လိုအပ်တာတွေ အကောင်အထည်ဖော်ပေးမယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။
လောလောဆယ် စက်မှုဇုန်တွေအားလုံးကို အစိုးရက ၁ ယူနစ် ၇၅ ကျပ်နှုန်းနဲ့ လျှပ်စစ်ဓာတ်အားပေးနေပေမယ့် ရေအားလျှပ်စစ် ထုတ်လုပ်မှု ကျဆင်းလာရင် မီးပျက်တဲ့ ပြဿနာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီအတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ၂၄ နာရီ လျှပ်စစ်မီး ပေးမယ့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ မီးရရေး ညှိနှိုင်းနေပြီး အထူးသဖြင့် ပုဂ္ဂလိကက ကောက်ခံမယ့် ၁ ယူနစ် ဈေးနှုန်းအပေါ် ညှိနှိုင်းလို့ မရသေးတာကြောင့် အကောင်အထည် မဖော်နိုင်သေးတာ ဖြစ်တယ်လို့ ဦးအောင်ခိုင်က ပြောပါတယ်။