မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၁ လမ်း၊ ၁၂ လမ်းနဲ့ ၁၃ ကြားမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ကိုကျော်ဝင်းမောင်ရဲ့ ဈာပနကို မတ်လ ၂၈ ရက် မနက်ပိုင်းက လုပ်ခဲ့ပါတယ်။
ကိုကျော်ဝင်းမောင်ဟာ မတ်လ ၂၇ ရက်နေ့ က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်နေတာကြောင့် သဲအိပ်တွေနဲ့ အကာအကွယ်တွေ လုပ်ပေးနေချိန်မှာ ရင်ဘက်ကို ကျည်မှန်သေဆုံးခဲ့တာပါ။ သေဆုံးသူဟာ ၁၉ လမ်း အနောက်ထိပ် မင်းတဲအီကင်းရပ်မှာ နေထိုင်သူဖြစ်ပြီး အဖေ အမေနဲ့ အတူနေကာ မွေးချင်း ၈ ယောက်အနက် အငယ်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်မှာ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ကိုဝင်းစိုးရဲ့ ဈာပနကို မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက ကျိုက်မရောမြို့နယ်က မြို့မစွန္နီအစ္စလာမ်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
ကိုဝင်းစိုး အသက် ၃၀ ဟာ မော်လမြိုင် ဒိုင်းဝန်ကွင်းရပ်မှာ ဆန္ဒထုတ်ဖော်နေစဉ် သေနတ် ကျည်ဆန် ရင်ဘတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
ကျဆုံးခဲ့တဲ့ ကိုဝင်းစိုးမှာတော့ ကိုယ်ဝန် ၄ လ ရှိပြီးဖြစ်တဲ့ ဇနီးနဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ် ဦး ကျန်ရစ်ခဲ့ပါတယ်။
ကိုဝင်းစိုးရဲ့ ဈာပနကို မော်လမြိုင်က တက္ကသိုလ်ကျောင်းသားတွေနဲ့ ပြည်သူများစွာ တက်ရောက်အလေးပြုခဲ့ကြပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့က စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ထက်မြတ်သွင်ရဲ့ စျာပနအခမ်းအနားကို အစ္စလာမ်ဘာသာ၀င်တွေရဲ့ ဓလေ့ထုံးတမ်း အတိုင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မောင်ထက်မြတ်သွင် အပါဝင် ကျဆုံးခဲ့သူ တွေရဲ့အလောင်းကို လိုက်လံရှာဖွေနေလို့ ကျဆုံးသူတွေအလောင်းကို မိသားစုဝင်တွေနဲ့ ပြည်သူတွေက ကာကွယ်နေရတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၂၇ ရက်နေ့က မောင်ထက်မြတ်သွင်အပါဝင် အမျိုးသား ၄ ဦး ကျည်ထိမှန်ကျဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ် လားရှိုးမြို့မှာ မတ်လ ၂၇ ရက် မနက်ပိုင်း ဒီမိုကရေစီ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ၂ ဦးရဲ့ ဈာပန အခမ်းအနားကို မတ်လ ၂၇ ရက်နေ့ ညနေပိုင်း ၃ နာရီ လောက် လားရှိုး လူမျိုးပေါင်းစုံ စုပေါင်းသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
ကျဆုံးသွားတဲ့ ကိုထွန်းတင့်ခိုင်၊ အသက် ၂၇ နှစ်နဲ့ ကိုစိုင်းလှထွန်း အသက် ၃၁ နှစ်တို့ရဲ့ ဈာပန အခမ်းအနားကို ပြည်သူထောင်ချီ လိုက်ပါ ပို့ဆောင်ခဲ့ပြီး စစ်အာဏာရှင် စနစ်ကို အလိုမရှိတဲ့ ကြွေးကြော်သံတွေလည်း ကြွေးကြော်ကာ မီးသင်္ဂြိုဟ်ခဲ့ ပါတယ်။
သပိတ် စစ်ကြောင်းကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် မိန်းကလေး ၁ ဦး၊ ယောက်ျားလေး ၄ ဦး၊ စုစုပေါင်း ၅ ကျဆုံးခဲ့ပြီး ဗိုက်ပေါက်သွားတဲ့ မိန်းကလေး ၁ ဦးနဲ့ ယောက်ျားလေး ၁ ဦး ကိုတော့ စစ်ကားနဲ့ သယ်သွားကာ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ကျဆုံးခဲ့တဲ့ စဉ့်ကိုင်မြို့နယ် မုံပင်ကျေးရွာ က အသက် ၂၄ နှစ်အရွယ် ကိုဝေမောင်ရဲ့ စျာပနကို ဒီကနေ့ မတ်လ ၂၈ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ကိုဝေမောင်ဟာ မတ်လ ၂၇ရက်နေ့က စဉ့်ကိုင်မြို့မှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ပွဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် နံရိုးကို ကျည်ဆံမှန် သေဆုံးခဲ့တာပါ။
မြန်မာနိုင်ငံတဝန်းမှာ ဖက်ဆစ်တော်လှန်ရေးနေ့မတ်လ ၂၇ ရက် တစ်ရက်တည်းမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် ဆန္ဒပြပြည်သူတွေ အယောက် ၁၀၀ ကျော်ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။