ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ကင်မ်) တို့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က တွေ့ဆုံရာမှာ သူ့မိခင်နဲ့ ဖုန်းပြောခွင့်ရဖို့ စီစဉ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး လန်ဒန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ဖော်ပြထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ကင်မ်)က သူ့မိခင်ရဲ့ အခြေအနေနဲ့ ကျန်းမာရေးကို သိရှိလိုပြီး အလွန်အမင်း စိုးရိမ်နေကြောင်း၊ သံအမတ်ကြီးအနေနဲ့ ကင်မ်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းစကားပြောဆိုဖို့ စီစဉ်နိုင်မလားဆိုတာကို အကြိမ်ကြိမ်မေးခဲ့တယ်လို့လည်းသိရပါတယ်။
သံအမတ်ကြီး ဦးကျော်စွာမင်းကတော့ ကိုထိန်လင်း (ကင်မ်)ကို စာနာထောက်ထားကြောင်း၊ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို နားလည်သဘောပေါက်အောင် ရှင်းပြခဲ့တယ်လို့ သိရပြီး ဘယ်လိုရှင်းပြခဲ့လဲဆိုတာကတော့ အသေးစိတ်မဖော်ပြထားပါဘူး။