မန္တလေးမှာ မတ်လ ၂၇ရက်၊ ဖက်ဆစ်တော်လှန်ရေးနေ့က စစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကျဆုံးသူပြည်သူ ၁၀ဦး ထက်မနည်းရှိတယ်လို့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
ဒီကနေ့မှာ မနက် ၆နာရီခန့်ကတည်းက စစ်တပ်နဲ့ ရဲတွေက နေရာအနှံ့မှာ အကြမ်းဖက် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းအထိ သေဆုံးသူ ၁၀ဦး တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဦးခေါင်းကို ထိမှန်ပြီး ဦးနှောက်ပွင့်သွားတာ၊ဦးခေါင်းကို ကျည်ထိမှန်တာ၊ဆီးခုံကို ကျည်ထိမှန်တာ၊ရင်ဘတ်ကို ကျည်ထိမှန်တာ၊နှလုံးကို ကျည်ထိမှန်တာ စတဲ့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူတွေဒိထက် မကပိုများနိုင်တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၅၀ခန့်အထိကို ကူညီပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။လူမှုကူညီရေးအသင်းတွေနဲ့ ချိတ်ဆက်သူစာရင်းသာ ဖြစ်ပြီး သီးခြား နေရာတွေမှာ ကုသသူတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။
မြန်မာပြည်တဝန်းမှာတော့ ဒီနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ တရက်တည်း မြန်မာဖက်ဆစ်အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်