မြောက်အိုင်ယာလန်၏ ငြိမ်းချမ်းရေးဖြစ်စဉ် မြန်မာအတွက် အထောက်အကူပြုမည်
DVB
·
October 25, 2013
မြောက်အိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူ ပေးနိုင်မယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့ မြောက်အိုင်ယာလန်ကို ရောက်ရှိစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြောက်အိုင်ယာလန်ကို အဓိက သွားရောက်ရတဲ့ အကြောင်းရင်းက အခက်အခဲတွေ ကြားက ငြိမ်းချမ်းရေး တည်ဆောက်ခဲ့တာကို လေ့လာလိုတဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြောက်အိုင်ယာလန်ရဲ့ ကွဲပြားမှုတွေက မြန်မာထက် ပိုမို အမြစ်တွယ်နေတာ ဖြစ်ပေမယ့် မြန်မာပြဿနာက ပိုရှုပ်ထွေးတယ်လို့လည်း သူက ပြောပါတယ်။
ဆယ်စုနှစ် ၃ ခုကြာ ခရစ်ယာန်ဂိုဏ်း ဖြစ်တဲ့ ပရိုတက်စ်စတင်နဲ့ ကတ်သလစ်တွေရဲ့ သွေးမြေကျ ဘာသာရေး အဓိကရုဏ်းကို အဆုံးသတ်နိုင်ခဲ့ပြီး အာဏာခွဲဝေကာ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို လေ့လာလိုတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာပြည်မှာလည်း မွတ်စလင် ဆန့်ကျင်ရေးဖြစ်ရပ်တွေ ဖြစ်ပွားနေသလို အစိုးရနဲ့ တိုင်းရင်းသားအကြားမှာလည်း ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။
ခရီးစဉ်အတွင်း နိုင်ငံရေးသမားတွေ၊ ရဲတွေနဲ့ ကျောင်းသားလူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပါတယ်။ အိုင်းရစ်မြို့တော်တွေနဲ့ တခြား ထင်ရှား တဲ့ နေရာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက် လည်ပတ်ခဲ့ပါတယ်။