တနင်္သာရီတိုင်း ထားဝယ်မြို့ အထက ၃ ကျောင်းအနီး ဆိုင်ကယ် ၁ စီးနဲ့စီးလာတဲ့ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်တပ်နဲ့ရဲတွေက ကားနဲ့ လိုက်လံပစ်ခတ်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ အာဇာနည်လမ်းမကြီးအတိုင်း လူငယ် ၃ ဦး ဆိုင်ကယ်တစီးနဲ့ မောင်းလာတာကို 4wd double cab ကား ၂ စီးနဲ့လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ကားရပ်ပြီး လိုက်လံပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်စီးလာတဲ့ ၃ ဦးထဲက ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။
ကျည်ဆန်ထိမှန်တဲ့ တယောက်ကိုတော့ အကြမ်းဖက်စစ်သားတွေက လက်နဲ့ ခြေတောက်ကို တဖက်စီကိုင်ပြီး ကားပေါ်ဆွဲတင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။ ဒဏ်ရာရရှိပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ထားဝယ်မြို့မှာ ဒီနေ့ ကျွန်းမွှေးရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ၁ ဦး ကျဆုံးခဲ့ပါတယ်။