ရန်ကုန် အင်းစိန်မြို့နယ်မှာ ဒီနေ့မနက်အစောပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ် ဆန္ဒပြသူတွေကို အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီခွဲလောက်မှာ ဆန္ဒပြသူလူငယ်တွေက အတားအဆီးတွေ စတင်ပြုလုပ်ပြီးနောက် မနက် ၃ နာရီခွဲလောက်မှာ အကြမ်းဖက် စစ်တပ်နဲ့ရဲအင်အား အများအပြား ရောက်လာပြီး စတင်ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ညသန်းခေါင်လောက်က ၁ နာရီလောက်မှာ သုံးလေးချက်ဖောက်တယ်။ ၅ နာရီခွဲကျော်လောက်မှာတော့ ပစ်လိုက်တာ အချက် ၅၀ လောက်ရှိတယ်။ ၂ နာရီခွဲလောက်ကတည်းက ကလေးတွေ သဲအိတ်တွေစီပြီး အရံအတားတွေလုပ်တာ။ အဲဒါကို လာပစ်တာ။”
အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူတွေကတော့ အင်းစိန် မြို့သစ် (ခ) ရပ်ကွက်က အသက် ၃၁ နှစ်အရွယ် ကိုတေဇာထွန်းနဲ့ အသက် ၄၂ နှစ်အရွယ် ကိုဇော်လေးနဲ့ ရွာမအနောက်ဘက်က ၁ ဦးကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အင်းစိန် အောင်ဇေယျတံတားမှာလည်း အကြမ်းဖက် စစ်တပ်နဲ့ရဲက မနက် ၄ နာရီလောက်ကတည်းက သေနတ်တွေ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ တံတားအနီးနေသူ ၁ ဦးက ပြောပါတယ်။