Home
မြန်မာသတင်း
ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲများ ပြန်ဖြစ်
နော်နိုရင်း
·
October 24, 2013
ကချင်ပြည်လွတ်မြောက်အဖွဲ့ ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပပြီး သီတင်း ၂ ပတ်တောင် မကြာသေးခင်မှာ နှစ်ဖက် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။ အစိုးရတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အကြောင်းကြားမှုတွေ လုပ်နေတဲ့အချိန်မှာပဲ ကေအိုင်အေ တပ်မဟာ ၃ နယ်မြေ ဗန်းမော်ခရိုင် မန်စီမြို့နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်က ပြောပါတယ်။ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့က ပြောခွင့်ရသူ ဦးဒေါင်ခါးကို မေးကြည့်တော့ ခုလိုဖြေပါတယ်။ “စကခ ၂၁ က တပ်ရင်း ၁၀ ရင်းက အဲဒီဘက်မှာ လေ့ကျင့်ရေးပုံစံမျိုးလုပ်နေတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ထူးခြားနေတဲ့ အနေအထားရှိတော့ ကျနော်တို့ ကေအိုင်အေ ဘက်ကနေ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဂျီ ၁ ကို အကြောင်းကြားတယ်။ သွားကြောင်းကြားတဲ့ အချိန် ပြောနေတုန်းမှာ ရှေ့တန်းက စစ်ကြောင်းတွေ အသုံးချသွား၊ အဲဒီလိုနဲ့ ထိတွေ့မှု ဖြစ်သွားတာ။ ကျနော်တို့ ဘက်ကနေ တမင်တကာ ရည်ရွယ်ရှိရှိ လုပ်တာ ဘာမှမရှိဘူး။ အစိုးရ စစ်ကြောင်းက လှုပ်ရှားသွားလာရင်းက သေနတ်တွေဖောက်တယ်၊ အမြောက်တွေပစ် အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။” တိုက်ပွဲတွေကြောင့် အောင်ဂျာအိုင်ဒီပီစခန်းက ဒုက္ခသည်တွေ အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။ “လူဦးရေ ၁၀၀၀ နီးပါးရှိတဲ့ အောင်ဂျာအိုင်ဒီပီစခန်းက ဒုက္ခသည်တွေ ဒုက္ခရောက်နေတယ်။ အဲဒီအောင်ဂျာဒေသက ၂၀၁၁ ကတည်းက စစ်ဖြစ်နေတဲ့ ဒေသဖြစ်တယ်။ ပြည်သူတွေက အောင်ဂျာဒေသမှာ ဒုက္ခသည်စခန်းအနေနဲ့ ၂ နှစ်နေထိုင်ကြတယ်။ စကခ ၂၁ တပ်ရင်းတွေရဲ့ လှုပ်ရှားမှုကြောင့် တနေ့က အမြောက်ကျည်ဆန် ၆၀ မမ ၅ ချက်ပစ်တယ်။ ရွာသူရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြတယ်။ ထွက်မပြေးနိုင်တဲ့ ရွာသားအယောက် ၆၀၀ ကျော်တယ်။ အဲဒီ အယောက် ၆၀၀ ကျော်ကို အပြင်ထွက်မရအောင် ဘုရားကျောင်းထဲမှာ ထည့်ထားကြတယ်။” ကေအိုင်အေ အနေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဂျီ ၁ နဲ့ ဆက်သွယ်ပြီး ပြဿနာကို အမြန်ဆုံး ငြိမ်းအောင်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ၀န်ကြီးဦးအောင်မင်းရုံးကိုလည်း သတင်းပို့ပြီး ရှေ့တန်းတပ်တွေ ရပ်တန့်ဖို့ ပြောထားတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့လောက်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရပါတယ်။ ဒ့ါအပြင် အောင်ဂျာအိုင်ဒီပီစခန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရတပ် ကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ထွက်မပြေးနိုင်တဲ့သူတွေကိုလည်း ဘုရားကျောင်းမှာ စီစဉ်ပေးထားတယ်လို့ဆိုပါတယ်။ ကချင် အမျိုးသားအစည်းအရုံးကတော့ ခုလို ဒေသခံ ရွာသားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ပေါ်မှာ ရှုတ်ချလိုက်ပြီး ဒါဟာ အစိုးရအနေနဲ့ ကေအိုင်အိုနဲ့ သဘောတူ ညီချက်တွေကို ချိုးဖောက်တာလို့ ပြောပါတယ်။ “ကျမတို့ သိရသလောက် မြန်မာ့တပ်မတော်က တပ်အင်အား ၁၀၀၀ ကျော်နေရာ ယူပြီး အခုလိုမျိုး ထိုးစစ်ဆင်တာဖြစ်တယ်။ ဒါက ထိပ်တိုက်တွေ့ပြီးတိုက်တာမဟုတ်ပဲ စစ်ဆင်ရေး ထိုးစစ်ပုံစံမျိုး တိုက်တဲ့အတွက် ဒါဟာ လူသားမဆန်ဘူး။ မြန်မာအစိုးရက ငြိမ်းချမ်းရေးကို အလေးမထားဘူးဆိုတာ ပြသလိုက်တာပဲဖြစ်တယ်။” ဒါ့အပြင် နိုင်ငံတကာရှေ့မှာ ငြိမ်းချမ်းရေး သဘောတူထားတဲ့ကြားက ချိုးဖောက်တာ ဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ အစိုးရရဲ့ ထိုးစစ်ဆင်မှု ချက်ချင်း ရပ်တန့်သွားအောင် လုပ်ဆောင်ပေးဖို့လည်း ကချင်အမျိုးသားအစည်းအရုံးက တိုက်တွန်းပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး နိုင်ငံပိုင် မီဒီယာတွေကရော၊ အစိုးရ တာဝန်ရှိသူတွေကရော ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024