မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဂျပန်အစိုးရ၏ ရပ်တည်ချက် မေးခွန်းထုတ်ခံရ

မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ပတ်သက်တဲ့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ကို  ရှင်းရှင်းလင်းလင်းသိရအောင် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ဂျပန်အစိုးရထံ အိတ်ဖွင့်မေးခွန်းလွှာ ဒီကနေ့ မတ်လ ၂၆ ရက်မှာ ပေးပို့လိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့လုပ်ရပ်ကြောင့် နေ့စဉ် လူပေါင်းများစွာ မတရားသတ်ဖြတ် ဖမ်းဆီးခံနေရတဲ့အပေါ် ဂျပန်အစိုးရရဲ့ ရပ်တည်ချက်နဲ့ အရေးယူတားဆီးနိုင်မယ့်နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာ မတ်ဆုအုခ ထံတင်ပြမေးမြန်းခဲ့တယ်လို့   ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ မိုင်ကျော်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို တိုကျိုမြို့ရှိ ဂျပန်အထက်လွှတ်တော်အမတ်များ ရုံးမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက မတ်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ဂျပန်အထက်လွှတ်တော်အမတ်မစ္စတာ အီရှီဘရှီက အပါအဝင် ဂျပန်လွှတ်တော်အမတ်တွေ၊ မြန်မာ့အရေး အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ ဂျပန်ရှေ့နေကြီး ဝတနဘဲရှိုဂိုဦးဆောင်တဲ့ ပြည်သူ့မြန်မာမိတ်ဆွေအသင်း၊ Human rights now Japan နဲ့ ဂျပန်ရောက်မြန်မာတွေ စုပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

မြန်မာ့အရေးဆောင်ရွတ်နေတဲ့ ဂျပန်လူမျိုးဦးရွှေဘ (ခ)မစ္စတာ တနဘဲက “ မြန်မာစစ်တပ်နဲ့ စီးပွားရေး ပတ်သတ်မှုတွေရှိနေလို့လား၊ တရုတ်ကြောင့်လားမသိဘူး မြန်မာစစ်အုပ်စုကို အနောက်နိုင်ငံတွေလို ပြတ်သားတဲ့အရေးယူဆောင်ရွတ်မှုတွေ မရှိတာတွေ့နေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်အစိုးရဟာ CRPH ပြည်သူ့အစိုးရအဖွဲ့ကို အသိအမှတ်ပြုဖို့ လုပ်ဆောင်နေခြင်းရှိ မရှိနဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအစိုးရရဲ့ တရားဝင်သံအမတ်အဖြစ် အသိအမှတ်ပြုခြင်းရှိ မရှိတို့အပါအဝင် အချက်၁၂ချက် ကို မေးခွန်းထုတ်ခဲ့ကြောင်းလည်း ကချင်တိုင်းရင်းသူ မာရစ်ဇမ်ဘူးက ပြောပါတယ်။

အဆိုပါမေးမြန်းချက်တွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာမယ့်ဧပြီ ၂ရက်နေ့ ဂျပန်လွှတ်တော်မှာ  ပြန်လည်တုံ့ပြန်ဖြေကြားပေးရမှာ ဖြစ်ပါတယ်။

ဇော်ဇော်လှိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up