ကျောက်မဲခရိုင်အတွင်း လမ်းဘေးထမင်းဆိုင်များ မီးရှို့ဖျက်ဆီးခံရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲ နမ့်မန်းရွာနားက လမ်းဘေးထမင်း ဆိုင်နဲ့စားသောက်ဆိုင်တွေ မတ်လ ၂၅ ရက် မနေ့ညပိုင်းက  မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၂ ရက်ကတော့ ရွာ အနီးတဝိုက်မှာ TNLA နဲ့ RCSS  တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်ခံထားရတာလည်း ရှိကြောင်း ၊ နယ်မြေမတည်ငြိမ်ပေမယ့် ဝမ်းစာရေးကလည်းရှိနေတော့ ဆိုင်သွားဖွင့်ကြရာမှာ ဒီကနေ့မနက်မှာ ပြာပုံဖြစ်သွားတဲ့ ဆိုင်တွေကို တွေ့ခဲ့ရတာလို့ ဆိုင်ပိုင်ရှင်နဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ အဲဒီထမင်းဆိုင် ၊ စားသောက်ဆိုင်ပိုင်ရှင်တွေကတော့ နမ့်မန်းရွာကပါဘဲရှင့် ၊ ဒါပေမဲ့ တိုက်ပွဲတွေဖြစ်တော့ တချို့က ကျောက်မဲကို တချို့က မိုင်းငေါ့ဘက်ဆွေမျိုးရှိတဲ့နေရာတွေတိမ်း ရှောင်ကြတယ်၊ ဆိုင်မဖွင့်ရင်လည်း ဝင်ငွေမရှိတော့ နယ်မြေမတည်ငြိမ်ပေမယ့် သွားရောင်းကြရ တာပါပဲ၊ ဒီကနေ့မနက်စောစော အဲဒီနားဖြတ်သွားတဲ့လူတွေတွေ့တော့  ဖုံးဆက်လာတာ၊ ၁၁ မိုင်ရွာသားတွေကလည်း မနေ့ည ၈ နာရီလောက်မှာ မီးလောင်နေတာတွေ့တယ်တဲ့၊ နယ်မြေအ ခြေနေမကောင်းတော့ သူတို့လည်းသွားမကြည့်ရဲဘူး၊ ဒီမနက်ဆိုင်ရှင်တွေ သွားကြည့်တော့ ဆန်တွေ ဆီတွေ သားငါးဟင်းချက်စရာတွေရော၊ ရေခဲသေတ္တာ၊ တီဗွီ၊ စားပွဲ၊ ကုလားထိုင်၊ ဘီရို တွေ ဘာမှမကျန်ဘူး၊ အကုန်လောင်သွားတယ်၊ ဆုံးရှုံးမှုတော့ မတွက်ရသေးပါဘူး  ”

မီးလောင်ခံရတဲ့ ဆိုင်ခန်းတွေဟာ စုစုပေါင်း ၁၀ ခန်းကျော်ရှိကာ ဆိုင်ရှင် ၄ ဦး ပိုင်ဆိုင်ကြောင်း၊  ကျောက်မဲမြို့နဲ့ ၁၃ မိုင်အကွာ မိုင်းငေါ့သွားကားလမ်းပေါ်မှာတည်ရှိပြီး ဈေး ဆိုင်ဖွင့်လာတာ နှစ်ပေါင်းသုံးလေးဆယ်ရှိပြီမို့ တိုက်ခန်းတွေနဲ့ အခိုင်အမာ တည်ဆောက်ထား တာ လို့ ဆိုပါတယ်။ 

နယ်မြေအေးချမ်းစဉ်က အိမ်ဆိုင်လိုဖြစ်ပြီး ခုရက်ပိုင်းတွင်းတော့ တိုက်ပွဲဖြစ်လို့ ဆိုင်မှာ မအိပ်နိုင်ကြောင်း ၊ မီးဘေးအန္တရာယ်ကိုတော့ အမြဲသတိထားကြတဲ့အတွက် ပေါ့ဆမီးကြောင့်  လောင်သွားတာလုံးဝမဖြစ်နိုင်ဘူးလို့ ဆိုင်ရှင်တွေက ယူဆပါတယ်။ ဒီကနေ့အခြေအနေအရ  စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေလည်း ရှိနေလို့ ဆိုင်ခန်း မီးလောင်ဆုံးရှုံးရတဲ့အပေါ် ဘယ်ဌာနကို တိုင်ကြားရမှန်းမသိဘဲ အားကိုးရာမဲ့နေတယ်လို့ ဆိုင်ရှ င်တစ်ဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up