မြန်မာ့အရေးဆုံးဖြတ်ချက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ ကန့်ကွက်သူမရှိ အတည်ပြု

ကုလသမဂ္ဂ

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့  ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက  တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ 

မတ်လ ၂၄ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာကျင်းပတဲ့ အစည်းအဝေးမှာ  အဖွဲ့ဝင် ၄၇ နိုင်ငံပါတဲ့ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်တွေက ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အဏာသိမ်း စစ်တပ်က အရပ်ဘက် အုပ်ချုပ်ရေး ပြန်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လက်နက်မဲ့ ပြည်သူတွေ‌ပေါ် စစ်တပ်နဲ့ရဲက အချိုးအစားမမျှအောင် အင်အားသုံးနေတဲ့အပေါ် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မတ်လ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။

မြန်မာပြည်သူတွေအ‌ပေါ်  အကြမ်းဖက်မှု ရပ်ဖို့၊ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ စစ်တပ်ကို တိုက်တွန်းတယ်လို့ အမေရိကန်ကိုယ်စားလှယ်က  လူ့အခွင့်အရေးကောင်စီမှာ  ပြောပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး  အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်ကို နောက်ထပ် ၁ နှစ် သက်တမ်းထပ်တိုးပေးခဲ့ပြီး  မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ကို ဆက်လက် ထောက်ခံခဲ့တယ်လို့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂက အဆိုတင်သွင်းပြီး မဲမပေးဘဲ ချမှတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေး အကွက်ရွှေ့တာဖြစ်ပြီး တဖက်သတ်ဆန်တယ်၊ ဘက်မလိုက်မှု ကင်းမဲ့ပြီး လွတ်လပ်မှုမရှိဘူးသလို ယုံကြည်လက်ခံနိုင်စရာမဟုတ်ဘူးလို့ မြန်မာစစ်ကောင်စီရဲ့ ဘက်က ဝေဖန်ပါတယ်။ ဆုံးဖြတ်ချက်မှာပါတဲ့ အချက်တွေဟာ ဘောင်ကျော်ပြီး အချက်အလက် အားဖြင့်လဲ မမှန်ဘူးလို့လည်း  မြန်မာစစ်ကောင်စီရဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာရာဇဝတ်မှုခုံရုံးကနေ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူမယ့် ဖြစ်နိုင်ချေကို ရည်ညွှန်းထားတဲ့ ကိစ္စကိုလည်း  နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာကို ခြိမ်းခြောက် ပြီး တိုက်ရိုက်စိန်ခေါ်တဲ့ လုပ်ရပ်လို့ သူက ပြောပါတယ်။

Photo- Reuters

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up