ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ မတ်လ ၂၅ ရက် ဒီကနေ့မနက်က သပိတ်စစ်ကြောင်းတစ်ခုဖြိုခွင်းခံရ ပြီးတဲ့နောက် စစ်တပ်နဲ့ရဲတွေက လိုက်လံ ဖမ်းဆီး ပစ်ခတ်တာကြောင်း ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူရှိသလို ကားတွေနဲ့ ဆိုင်ကယ်တွေကိုလည်း ရိုက်နှက်ဖျက်ဆီးနေပါတယ်။
စစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြသူတွေဟာ ဒီကနေ့မနက် ၄ နာရီခွဲလောက်ကစ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝါးပြားလမ်းဆုံမီးပွိုင့်မှာ စုဝေးပြီး အရုဏ်ဦးသပိတ်ပြီးလို့ တချို့ကအိမ်ပြန် တချို့က ဆက်လက်စုဝေးနေစဉ် ရဲတွေရောက်လာပြီး အသံဗုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့သပိတ်ပြီးတာနဲ့ တချို့ကပြန် တချို့ကစုဝေးနေတုန်း ရဲတွေရောက်လာတာ၊ အသံဗုံး တွေနဲ့ပစ်တော့ ကလေးတွေထွက်ပြေးကြတယ်၊ ကလေးတွေထွက်ပြေးတဲ့နောက်ကို လိုက်ဖမ်းတာ၊ အစကတော့ ရဲချည်းဘဲ၊ နောက်တော့ စစ်တပ်အကူတွေလည်း ရောက်လာတယ်၊ အနောက်မြို့ပတ်လမ်းမှာ တအိမ်ဝင်တအိမ်ထွက်လိုက်ရှာတယ်၊ လမ်းဘေးမှာရပ်ထား တဲ့ကားမှန်တွေရိုက်ခွဲ ဆိုင်ကယ်တွေကို မဆီမဆိုင် ဖျက်ဆီးတယ်၊ ကူညီကုန်းရပ်ထဲလည်းသွားတယ်၊ မြို့မရပ်ကွက်ထဲလည်း သွားတယ်၊ နေ့ခင်းပိုင်း ရတနာသီရိရပ်ကွက်ထဲပါ ဝင်သွားတယ်၊ သူများ ရပ်ကွ ဝင်တာ ကောင်းကောင်းမဝင်ဘူး၊ ပစ်ခတ်ခြောက်လှန့်ပြီးတော့ဝင်တာ၊ တရပ်ကွက်လုံး မီးရှို့ပစ်မယ်တဲ့၊ မြို့မရပ်ကွက်က လမ်းဘေးဈေးထိုင်ရောင်းတဲ့သူတွေဆို သူတို့ရောင်းနေတဲ့ စတော်ဘယ်ရီခြင်းတွေ၊ အသီးအနှံတွေ ဒီတိုင်းထားပြီး ထွက်ပြေးကြတယ်။”
စစ်တပ်နဲ့ရဲက ကျည်အစစ်တွေနဲ့ ပစ်ခတ်တာကြောင့် ရတနာသီ ရိရပ်ကွက်ထဲက မျက်စေ့မှန်တဲ့လူငယ် ၁ ဦး၊ ကန်သာရပ်ကွက်ထဲမှာ ရင်ဘတ်ကိုကျည်ထိတဲ့ လူ ၁ ဦး ကျဆုံးသွားပြီလို့ ဒေသခံကပြောပါတယ်။
အဖမ်းခံထားရသူမှာ အနည်းဆုံး ၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူတွေရှိပေမဲ့ ဘယ်နှစ်ဦးဆိုတာ မသိကြောင်း၊ ကံသာရပ်ကွက်ထဲမှာ ဒီကနေ့ မွန်းလွဲ ၂ နာရီကျော်ထိ သေနတ်ပစ်သံတွေ ကြားနေရတုန်းပဲလို့ တောင်ကြီးဒေသခံက ပြောသွားပါတယ်။