ဖွဲ့စည်းပုံပြင်ဆင်ရေး မြန်မာကို ဖိအားပေးရန် ဗြိတိန် ကူညီမည်
DVB
·
October 24, 2013
ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်တွေ ဖြစ်လာဖို့အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးဖို့အတွက် ဗြိတိန်နိုင်ငံက ကူညီမယ်လို့ ပြောဆိုလိုက်ပါတယ်။
[caption id="attachment_45358" align="alignleft" width="300" caption="Photo by AFP"][/caption]
ဗြိတိန်ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့ ဒေါင်းနင်းလမ်း ၀န်ကြီးချုပ်ရုံးမှာ ကြိုဆိုစဉ် သတင်းဌာနတွေနဲ့ တွေ့ဆုံမှာ ပြောကြားလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်က ခုချိန်မှာ အရေးကြီးတဲ့ကိစ္စက အရင် စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဖြစ်တယ်။ ဒီမိုကရေစီဖြစ်စဉ် ရှေ့ဆက်သွားဖို့နဲ့ ရေရှည် တည်တံ့ခိုင်မြဲဖို့ ၊ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံဖြစ်ဖို့နဲ့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီ ဖွဲ့စည်းပုံဟာ မြန်မာ့လူမှု အသိုင်းအ၀ိုင်းရဲ့အနာဂတ်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ အဖွဲ့အစည်းဖြစ်ဖို့ အခြေခံ အုတ်မြစ် ဖြစ်ရမယ်လို့ ပြောကြားသွားပါတယ်။
သမ္မတ ဖြစ်ချင်တယ်လို့ ကြေညာထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာ ဇနီး၊ ခင်ပွန်းနဲ့ သားသမီးတွေဟာ နိုင်ငံခြားသား မဖြစ်ရဘူးလို့ ရေးသားထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကတော့ တိုင်းပြည်က ဒီမိုကရေစီခေါင်းဆောင်တဦး တယောက်ကို အမြင့်ဆုံးရာထူးအတွက် ထုတ်ပယ်ထားတဲ့ အခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပရင် လုံးဝကို မှားယွင်းမှာ ဖြစ်သလို သူအမြင်အရ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲလို့ မဆိုလိုနိုင်တဲ့အကြောင်း ပြောပါတယ်။
ဒါအပြင် ကုတင် ၁၅၀၀ ဆံ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံ ပြင်ဆင်ဖို့ အတွက်လည်း ငွေကြေး အထောက်အပံ့တွေ ကူညီသွားမယ်လို့ ဗြိတိန်အစိုးရ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ် စတားဘော့မှာ ဆာခါရော့ လူအခွင့်အရေး ဆုရယူခဲ့ပြီး ဗြိတိန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
လန်ဒန်မှာ ဗြိတိသျှ အိမ်ရှေ့မင်းသား ချားလ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီနေ့ မြောက်အိုင်ယာလန်ကို သွားရောက်ပြီး ဆန်းဟတ်စ် စစ်တက္ကသိုလ်မှာ အောက်တိုဘာ ၂၅ ရက်နေ့ မိန့်ခွန်းပြောကြားမယ်လို့လည်း ဆိုပါတယ်။