မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မတ်လ ၂၄ ရက်နေ့လယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကို အင်အား ၁၀၀၀ ကျော်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူအမျိုးသားတစ်ဦးက "စစ်အာဏာရှင်တွေက လူရာချီဖမ်းဆီးပြီး အသံတိတ်သပိတ် ဆန္ဒပြတဲ့နေ့မှာပဲ ပြန်လွှတ်ပေးတယ်။ သူတို့ကို တော်လှန်နေတာ မဟုတ်ပါဘူး စည်စည်ကားကား ရှိနေတယ်ဆိုတဲ့ သဘောထားကို လုပ်ပြတယ်။ သူတို့ကိုတော်လှန်နေတယ်၊ အလိုမရှိကြောင်း ဆန္ဒပြနေတယ် ဆိုတာသိအောင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ဆန္ဒပြနေတာပါ။ စစ်အာဏာရှင် ပြုတ်ကျတဲ့ အထိ ဆန္ဒဖော်ထုတ်နေမှာပါ" လို့ ပြောပါတယ်။
မိတ္ထီလာမှာ ဒီနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး လုပ်လာတာ ၄၅ ရက် ရှိနေပြီ ဖြစ်ပြီး ဒီနေ့မနက် အသံတိတ်သပိတ်အနေနဲ့ စျေးဆိုင်တွေအားလုံးပိတ်ထားပြီး အသွားအလာမရှိ ၉၀ ရာခိုင်နှုန်းလောက် အောင်မြင်ခဲ့ပါတယ်။