မြန်မာနိုင်ငံအဝန်း မြို့ရွာအနှံ့ ဒီကနေ့ မတ် ၂၄ ရက်မှာ စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားနေကြတဲ့ တိတ်ဆိတ်ခြင်းသပိတ်နေ့မှာ နာမည်ကြီး လူငယ်အနုပညာရှင်တွေဟာလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်း ပါဝင်နေကြပါတယ်။
ဒီလှုပ်ရှားမှုမှာတော့ အနုပညာရှင်တွေဟာ တိတ်ဆိတ်ခြင်း နိမိတ်ပုံတွေ ဖော်ပြ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်ကနေ မျှဝေပြီး ပါဝင်နေတာ ဖြစ်ပါတယ်။
ပါဝင်လှုပ်ရှားနေသူတွေထဲမှာတော့ အဆိုတော် အောင်ထက်၊ သရုပ်ဆောင် အလှမယ် ခင်ဝင့်ဝါ၊ အဆိုတော် ဟန်နေတာ၊ Project K အဖွဲ့မှ ဝီလျံထွန်း၊ အဆိုတော် မိစန္ဒီ စတဲ့ အနုပညာရှင်တွေ ပါဝင်နေကြတာကို တွေ့ရပါတယ်။
Silence Strike(တိတ်ဆိတ်ခြင်းသပိတ်)ဆိုတာကတော့ လမ်းမပေါ် မလိုအပ်ပဲ ဘယ်သူမှ မထွက်ကြပဲ ဈေးတွေ၊ ဆိုင်တွေ၊ ယာဉ်တွေ၊ လူတွေ တစုံတယောက်မှ ရှိမနေပဲ လူသူမရှိတဲ့ မြို့တမြို့၊ အရပ်ဒေသတခုလို တိတ်ဆိတ်ငြိမ်သက်ပြီး အိမ်တွေထဲမှာ နေထိုင် ဆန္ဒပြရတဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။
ဒီသပိတ်ရဲ့ ရည်ရွယ်ချက်မှာတော့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ သူရဲ ကောင်းတွေအတွက် ငြိမ်သက်တိတ်ဆိတ်ပေးတာ၊ နေ့စဉ်ရက်ဆက် လမ်းမပေါ်စုဝေး ဆန္ဒထွက်ပြရတဲ့အတွက် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းတာ၊ စစ် သွေးကြွအကြမ်းဖက်အုပ်စုရဲ့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဆိုတဲ့ စကားအပေါ် ချေဖျက် ဆန့်ကျင်တာတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။