ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ မတ်လ ၂၃ ရက်နေ့က လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးအဖွဲ့ (HRWD) ရဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်ကို အကြမ်းဖက် ရဲနဲ့ စစ်တပ် အင်အား ၅၀ ကျော်နဲ့ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရဲနဲ့စစ်ကား ၁၀ စီးကျော်လောက် ရောက်လာပြီ ဦးမြင့်နိုင်ကို လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ဘာကြောင့်လာခေါ်တာနဲ့ ဘယ်ကိုခေါ်သွားမယ်ဆိုတာကို မိသားစုဝင်တွေက မေးမြန်းပေမယ့် ပြောဆိုသွားတာမျိုး မရှိဘူးလို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတစ်ဦးက "ရဲနဲ့ စစ်သား ၅၀ ကျော်လောက်ရှိတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာကို မသိရဘူး။ ဘာမှ မပြောမဆိုဘဲနဲ့ ကြက်လေးငှက်လေးဖမ်းသလို ဝင်ရောက် ခေါ်ဆောင်သွားတာပါ" လို့ ပြောပါတယ်။
စစ်တပ်ရဲ့အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ မတ်လ ၂၃ ရက်နေ့ထိ ပုသိမ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀ ဦးထိ ရှိနေပြီလို့ သိရပါတယ်။
ဓာတ်ပုံ - CJ