ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ရွာတချို့ အနီးတဝိုက် တိုက်ပွဲ ဖြစ်လာတာကြောင့် ဒေသခံ ပြည်သူတွေ ၁၀၀ လောက် ယာယီ စစ်ဘေးတိမ်းရှောင်လာနေရတယ်လို့ သီပေါလူငယ်၊ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
တာပုလဲ၊ ဆွန်လုံ၊ ဟတ်လန်၊ ချောင်းဆုံ ကျေးရွာတွေရဲ့ အနီးနားဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ရွာခံပြည်သူတွေ မတ်လ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က စက်လှေနဲ့ ဆင်းလာကာ မိုးမခလှေဆိပ်မှတဆင့် အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက်သို့ တိမ်းရှောင် လာခဲ့ကြတယ်လို့ ဆိုပါတယ်။
သီပေါ လူငယ် လူမှုကူညီရေးအသင်းမှ ကိုတူးလီက "လမ်းမပေါက်တော့ စက်လှေနှင့်ပြေးလာတာ။ ဖြစ်တာက မနေ့ ကတည်းက စဖြစ်တာ။ လူတွေ အထိခိုက် မရှိဘူးဗျ။ မသိသေးဘူးဗျ။ ရွာနားနီးတော့ သူတို့ တိမ်းရှောင်တာဗျ။" လို့ ပြောပါတယ်။
ထွက်ပြေးလာသူ အိမ်ထောင်စုက ၃၂ က လူဦးရေက ၉၇ ပဲရှိပြီး နောက်ထပ် လာမယ် မလာဘူးဆိုတာတော့ မသိသေးဘူးလို့လည်း ပြောပါတယ်။
စစ်ဘေးရှောင်လာသူတွေကို နယ်စည်းမခြား ပရဟိတ၊ ကောင်းမှုရှင်အသင်း၊ မြန်မာရပ်၊ သီပေါလူငယ် လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။