ဒီဗွီဘီ
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီကပေးအပ်တဲ့ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ဖို့ ခရီးထွက်သွားတဲ့ တပ်မတော်အရာရှိ ၂ ဦးနဲ့ ဝန်ထမ်း ၂ ဦးတို့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ညပိုင်းက ပျောက်ဆုံးသွားခဲ့ပါတယ်။
ပျောက်ဆုံးသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံရှာဖွေရာမှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က သူတို့စီးသွားတဲ့ကားကို ဖာလိုင်းတောင်ခြေနားမှာ မီးလောင်ထားတဲ့ အနေအထားနဲ့ ပျောက်ဆုံးသူတွေရဲ့အလောင်းကို အနီးနားရှိကျင်းတစ်ခုထဲမှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားနဲ့ ပြန်တွေ့ခဲ့တယ်လို့ မတ်လ ၂၁ ရက်နေ့ထုတ် ကြေးမုံသ တင်းစာမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အနီးနားကျေးရွာတဝိုက်က ရွာသား ၂၀ ကို ဖမ်းဆီးထားသလို ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ လယ်ထွန်ရွာသား ၂ ဦး၊ ဖာလိုင်းရွာသား ၂ ဦးတို့ကို ပြင်းထန်စွာအမြန်ဆုံးအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးတဲ့နောက် ဖာလိုင်း၊ လယ်ထွန်၊ ဆောင်ကန်း၊ ကဖု၊ ဝှါရီ အစရှိတဲ့ ကျေးရွာထဲမှာရော ရွာအနီးတဝိုက်မှာပါ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြောက်အမြား လာရောက်စခန်းချလျက်ရှိပြီး ရွာထဲရှိနေအိမ်တွေကို လိုက်လံစစ်ဆေးနေတာကြောင့် ရွာသားတွေ စိုးရိမ်ထိတ်လန့်စွာနေနေရပြီး တချို့ကတော့ တခြားရွာဘက်တိမ်းရှောင်နေတယ်လို့ ဖယ်ခုံဒေသခံ တစ်ဦးက ပြောပါတယ်။
“သူတို့ရွာနားမှာ စစ်တပ်တွေ အများကြီးရောက်လာတယ်။ တအိမ်တက်ဆင်း စစ်ဆေးတယ်၊ အဲဒါကြောက်လန့်နေကြတယ်လို့ ပြောတယ်ခင်ဗျ၊ တချိုကတော့ တခြားရွာသူတို့ ဆွေမျိုးရှိတဲ့ရွာ ဘက်ရှောင်နေတယ်လို့ ကြားတယ်၊ တချို့က ပင်လောင်းဘက်သွားတယ်။ ဘယ်လောက်များများ တိမ်းရှောင်ရလဲတော့ မသိဘူးခင်ဗျ။”
ဒီကိစ္စနဲ့ပတ်သက်ပြီး PKPF တိုးတက်သောကရင်နီပြည်သူ့အင်အားစုအဖွဲ့ကတော့ အဆိုပါ စစ်တပ်ဝန်ထမ်း ၄ ဦးသေဆုံးမှုမှာ ရွာသားတွေနဲ့ မပတ်သက်ဘဲ သူတို့ဖာသာ အရက်သောက်လွန်ပြီး မိုးဗြဲရေလှောင်ကန်ထဲ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း၊ အဖမ်းခံရတဲ့ထဲမှာ PKPF အဖွဲ့ဝင် ၂ ဦးနဲ့ လူငယ် ၂ ဦး ပါဝင်ကာ အခုထိ ဘယ်မှာထားသလဲဆိုတာ မသိရဘဲ စစ်တပ်က ရွာမှာ တပ်လာစွဲထားတာကြောင့် ဒေသခံတွေကြောက်ရွံ့တိမ်းရှောင်တာရှိလို့ စစ်တပ်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း မတ်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။