ဩစေဩးလ် တောမီး ပိုဆိုးလာနိုင်ဟုဆို

926
ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ ရာသီဥတုအခြေအနေကြောင့် တောမီးလောင်ကျွမ်းနေမှု ပိုဆိုးလာဖို့ ရှိတယ်လို့ မီးငြိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေက ဒီနေ့ ပြောပါတယ်။
ပူပြင်း ခြောက်သွေ့တဲ့လေတွေ တိုက်ခတ်တာကြောင့် ပြီးခဲ့တဲ့အပတ်ထဲက လောင်ကျွမ်းနေတဲ့ တောမီးကို ယပ်ခတ်ပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
တောမီးလောင်လို့ အိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့ရပြီး နေအိမ် မီးလောင်မှာစိုးလို့ ကြိုးစားငြိမ်းသတ်ခဲ့တဲ့ နှလုံးရောဂါသည် အမျိုးသားတဦးလည်း သေဆုံးခဲ့ပါတယ်။
ဒီနေ့ မီးလောင်မှုအခြေအနေကတော့ အဆိုးဆုံးအခြေအနေ ဖြစ်လာတော့ မယ့်ပုံပဲလို့ ကျေးလက်မီးသတ်ဌာန (အာရ်အက်ဖ်အက်စ်) ကော်မရှင်နာ ရှိန်းဖှစ်ဇ်ဆင်မွန်စ်က ပြောပါတယ်။
ဆစ်ဒနီမြို့ရဲ့အပူချိန်တောင် ၃၅ ဒီဂရီ ဆဲလ်စီးယပ် (၉၅ ဒီဂရီဖာရင်ဟိုက်) ရှိနေပြီး ဆစ်ဒနီမြို့ အနောက်ဘက်က ဘလူးမောင်တင်မှာ အပူချိန်က မြင့်တက်နေဆဲ ဖြစ်ပါတယ်။
၁ နာရီ မိုင် ၆၀ နှုန်းလောက်ထိ တိုက်ခတ်နေတဲ့ လေပူတွေကြောင့် မီးသတ်သမားတွေ မီးငြိမ်းသတ်ဖို့ မလွယ်ဘူးဖြစ်နေတာပါ။ မွန်းလွဲ ၃ နာရီမှ ၄ နာရီလောက်အထိကို မီးငြိမ်းသတ်ရမယ့်အခြေအနေက အန္တရာယ်အကြီးဆုံးနဲ့ အသည်းအသန် အဖြစ်ဆုံး အခြေအနေပါပဲလို့ ဩစတြေးလျ မိုးလေ၀သဌာနမှ ဒေသညွှန်ကြားရေးမှူး ဘာရီဟန်စထရမ်က ပြောပါတယ်။
အာရ်အက်ဖ်အက်စ် မီးသတ်ဌာနမှ နောက်ဆုံးရအခြေအနေအရတော့ ပြည်နယ်တ၀ှမ်း မီးလောင်မှု ၅၉ ခု ရှိနေပြီး ၁၉ ခုက ထိန်းမနိုင်တဲ့အနေအထားလို့ ဆိုပါတယ်။
အာဏာပိုင်တွေကတော့ ဘလူးမောင်တင်ဒေသဘက်က စာသင်ကျောင်းတွေကို ပိတ်ထားဖို့၊ ပြုစုစောင့်ရှောက်ရေး ဂေဟာတွေကို ရွှေ့ကြဖို့နဲ့ အဲဒီမှာ နေထိုင်နေကြသူတွေကိုလည်း အခြေအနေတွေ ပိုဆိုးဝါးမလာခင် ထွက်ခွာကြဖို့ အမိန့်ထုတ်ထားပါတယ်။