DVB
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရပ်ကွက်ထဲ ကင်းစောင့်နေတဲ့ အမျိုးသား ၄ ဦးကို မတ် ၂၁ ရက်ညမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။
“ညက အိုးလုပ်ရပ်ကွက်မှာ ကင်းစောင့်နေတဲ့ ယောကျ်ာလေး ၄ ယောက်ကို ဖမ်းခေါ်သွားတယ်။ သေနတ် သုံးချက်ပစ်ဖောက်ပြီးတော့ စစ်တပ်ရော၊ ရဲတပ်ဖွဲ့ဝင်တွေရော ပါတယ် လာဖမ်းတာ။”
ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးနေတာ အခု ၄ ယောက်အပါအဝင် ၄၉ ယောက်ရှိသွားပြီလို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်ရဲနဲ့စစ်တပ်က ဖမ်းဆီးထားသူတွေကို ထားဝယ်အကျဉ်းထောင်မှာ ထားရှိပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ထားဝယ်မြို့မှာ ဒီနေ့မနက် ၇ နာရီကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်တက္ကသိုလ်သပိတ်စစ်ကြောင်းနဲ့ NLD လူငယ်တွေ ပူးပေါင်းဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
သပိတ်စစ်ကြောင်းကို တလိုင်းထိန်ရပ်ကွက် တရုတ်ဘုံကျောင်းကနေ စတင်ထွက်ခွာပြီး ကမ်းနားဈေးတပတ် ဆန္ဒပြခဲ့ကြပြီး သပိတ်ခေါင်းဆောင်အချို့က ဟောပြောတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။