ပါကစ္စတန်က လူမရှိတဲ့ ကျောင်းတွေ
DVB
·
October 23, 2013
ပါကစ္စတန်နိုင်ငံတ၀န်းလုံးမှာ ဆရာတွေ ရောက်မလာတဲ့ ကျောင်းပေါင်း ထောင်နဲ့ချီပြီး ရှိနေပါတယ်။
ကရာချိမြို့ ဆင်ခြေဖုံးမှာ ရှိတဲ့ ဂါဂါဒေသရဲ့ ကျောင်းတကျောင်းမှာ ကျောင်းသားတွေရော၊ ဆရာတွေရော မရှိပါဘူး။ စာသင်ခန်းတွေက ပျက်စီးနေသလို သင်ပုန်းတွေကလည်း ဖုန်းအလိမ်းလိမ်းနဲ့ ဖြစ်နေပြီး အတွင်းပိုင်းမှာ ဘာရောင်စုံပုံတွေမှလည်း မရှိပါဘူး။
[caption id="attachment_45291" align="alignright" width="300" caption="ပိတ်ထားရတဲ့ အစိုးရ စာသင်ကျောင်းတခု"][/caption]
ကျောင်းဘေး ကပ်လျက်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ရွာသား မိုဟာမက် အာဇင်းမ်မာရီက ကျောင်းနေအရွယ် သူ့ကလေး ၃ ယောက်ရဲ့ ပညာရေးကတော့ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
“ကျောင်းအဆောက်အဦက အဲဒီမှာ ရှိနေတာ လွန်ခဲ့တဲ့ ၁၄ နှစ် ကတည်းကပါ။ ဒါပေမယ့် ဆရာတွေ ဘယ်တုန်းကမှ ရောက်မလာခဲ့ကြပါဘူး။ စာသင်ခန်း တတန်းမှ မရှိပါဘူး။ ဆရာတွေကိုတော့ လစာ ပေးထားရပြီး ကျောင်းသားတွေကတော့ သင်ကြားခံရမှု မရှိပါဘူး။”
မနှစ်က ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ ကိန်းဂဏန်းတွေအရ နိုင်ငံမှာ ပျောက်နေတဲ့ ဆရာပေါင်း
၂ သောင်း ၅ ထောင်လောက် ရှိပြီး အများစုက ဆင်းပြည်နယ်က ဖြစ်ပါတယ်။
ကရာချိမြို့ ဆင်ခြေဖုံးမှာ ရှိတဲ့ ဂါဂါဒေသရဲ့ တခြားကျောင်းတကျောင်းမှာလည်း ကုလားထိုင်ကျိုးတွေနဲ့ ညစ်ပတ်နေပြီး ကလေးတွေအတွက် ခုံတန်းရှည်တွေလည်း မရှိပါဘူး။ တကယ်တော့ လူဦးရေ ၆ သောင်းရှိတဲ့ ဒီဒေသတခုတည်းမှာတင် မလည်ပတ်နိုင်တဲ့ ကျောင်းက ၃၅ ကျောင်း ရှိနေပါတယ်။
လာမယ့် နှစ်တွေမှာ ကျောင်းစ သွားကြတော့မယ့် ကလေး ၃ ယောက်ရဲ့ ဖခင် ကျောင်းနာမှာ နေထိုင်တဲ့ အစ်ဘောလ်ဂါဘိုလ်က “ကျောင်းစဆောက်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က စပြီး ဒီမှာ ဆရာတယောက်တောင် မခန့်ခဲ့ပါဘူး။ လျှပ်စစ်မီးလည်း မရှိပါဘူး။ အဆောက်အဦက ဘာမှ အသုံးမတည့်ပါဘူး။ ကျနော်တို့က ဦးစီး ၀န်ကြီး၊ ပညာရေးဝန်ကြီးနဲ့ သမ္မတ ဆီကိုတောင် အကြိမ်ပေါင်းများစွာ ကျောင်းကို လည်ပတ်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် ဘာမှဖြစ်မလာခဲ့ပါဘူး” လို့ ပြောပါတယ်။
ကျောင်းအဖြစ် လုပ်ငန်းလည်ပတ်အောင် မလုပ်နိုင်တဲ့ အစိုးရ တည်ထောင်ပေးတဲ့ ကျောင်းပေါင်း တနိုင်ငံလုံးမှာ ထောင်နဲ့ ချီပြီး ရှိနေပါတယ်။ ပြဿနာက အကျင့်ပျက် လာဘ်စားမှုနဲ့ ထိရောက်တဲ့ စောင့်ကြပ်ကြည့်ရှုမှုစနစ် မရှိတာပါပဲ။
၃ တန်းနဲ့ ပညာ သင်ကြားမှု ရပ်သွားရတဲ့ ရွာထဲက ၈ နှစ်အရွယ် ကျောင်းသူ မာရီယာအလီက “ကျမက ဆရာမတယောက် ဖြစ်ချင်တယ်ရှင့်။ ဒါမှ ကျမက သူများတွေကို သင်ပေးနိုင်မှာပေါ့။ ဒါပေမယ့် ဒီမှာ ကျောင်း တကျောင်းမှ မရှိတော့ ကျမကျောင်းသွားလို့ မရဘူးပေါ့။ ကျမ တက်ခဲ့တဲ့ ကျောင်းက ဆရာတွေ သေနတ်နဲ့ အပစ်ခံခဲ့ရပြီး ဆရာအသစ် ထပ်ခန့်တာ မရှိတော့ပါဘူး” လို့ ပြောပါတယ်။
ဒီနှစ် အစောပိုင်းမှာ ပါကစ္စတန် တရားရုံးချုပ်က တနိုင်ငံလုံး ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ သိရဖို့ အစိုးရကျောင်းတွေ တနိုင်ငံလုံး စစ်ဆေးရေးလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
ဒီတောင်ပိုင်း ဆင်းပြည်နယ်မှာ မိန်းကလေး-ယောက်ျားလေး ကျောင်းတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ စာသင်ကျောင်းတွေအဖြစ် မလည်ပတ်နိုင်တော့သလို ကျောင်းတွေလည်း မရှိတော့ပါဘူး။
ဂါဂါရဲ့ တခုတည်းသော မိန်းကလေးကျောင်းမှာတော့ ခြစ်ခြစ်တောက် ပူပြင်းနေတဲ့ မနက်ခင်းမှာ မိန်းကလေးတွေဟာ အပြင်ဘက်မှာ စာသင်ကြားနေကြရပါတယ်။
ကျောင်းအုပ်ဆရာမ မစ်သော်ဆာရယ်လ်က "ကျမတို့မှာ ကျောင်းသား ၄၅၀ အတွက် စာသင်ခန်းက ၄ ခန်း ပဲ ရှိပါတယ်။ စာသင်ခန်းတခုတည်းမှာ ကျောင်းသား ၁၀၀ လောက် ရှိပါတယ်။ ရေအိမ်ကလည်း ၁ လုံးပဲ၊ ရေတိုင်ကီ ၂ ခုလုံးက ပျက်နေပါပြီ။ ကျောင်းသားတွေနဲ့ ဆရာတွေက သူတို့အိမ်က ရေကို ယူလာကြရပါတယ်" လို့ ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်က ပါကစ္စတန်နဲ့ ယူနီဆက်ဖ်က ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး မိန်းကလေး အားလုံးကို ပညာသင်ပေးဖို့ ကမ္ဘာ့လွှမ်းခြုံ ရန်ပုံငွေတခုကို တည်ထောင်ထားခဲ့ပါတယ်။
ပါကစ္စတန်သမ္မတက မာလာလာရဲ့ နာမည်နဲ့ ကမ္ဘာတ၀ှမ်း အစဦး ဆောင်ရွက်မှုတွေ အတွက် ထောက်ပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ပါတယ်။
မိန်းကလေးပညာရေး စီမံဆောင်ရွက်မှုတွေကို လုပ်ခဲ့လို့ မာလာလာဟာ တာလီဘန် တွေရဲ့ သေနတ်နဲ့ အပစ်ခံခဲ့ရသူပါ။
မာလာလာက "စာမတတ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေ ပပျောက်ရေးကို ကမ္ဘာတ၀န်းလုံး ကြိုးပမ်းအားထုတ်မှု စကြရအောင်ပါ။ ကျမတို့ စာအုပ်တွေနဲ့ ဘောလ်ပင်တွေကို ကောက်ကိုင်ကြရအောင်ပါ။ အဲဒါတွေက ကျမတို့ရဲ့ အင်အားအကြီးဆုံး လက်နက်တွေပါပဲရှင်။ ကလေးတယောက်၊ ဆရာတယောက်၊ စာအုပ်တအုပ်နဲ့ ဘောပင်တချောင်းက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ပါတယ်ရှင်။ ပညာရေးက တခုတည်းသော အဖြေပါပဲ။ ပညာရေးက ပထမပါပဲ" လို့ ပြောပါတယ်။
၂၀၀၂ ခုနှစ်မှာ ပါကစ္စတန်အစိုးရက အခမဲ့နဲ့ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်းရဲ့ အခြေခံအခွင့်အရေးအဖြစ် ကြေညာခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုတခုကို ပြုလုပ်ခဲ့ပါတယ်။
မကြာခင်ကပဲ တောင်ပိုင်း ဆင်းပြည်နယ်က ဥပဒေပြု လွှတ်တော်အမတ်တွေက အဲဒါကို တကယ် ဖြစ်လာအောင် ဥပဒေကြမ်းတခုကို ပြဋ္ဌာန်းပေးလိုက်ပါတယ်။ ဒါပေမယ့် ပညာရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဘာမှ မပြောင်းလဲသေးဘူးလို့ ပြောကြပါတယ်။
ဆင်းဘွဲ့ရများအသင်းရဲ့ အဖွဲ့ဝင် လားလ်ခန်ကန်ဝါက "နိုင်ငံရေးသမားတွေ ကိုယ်တိုင်က ပညာရေးကဏ္ဍကို ဖျက်ဆီးပစ်နေကြတာဗျ။ တာလီဘန် အကြမ်းဖက်သမားတွေနဲ့ ကျနော်တို့ နိုင်ငံရေးသမားတွေဟာ စိတ်ဓာတ်ရေးရာမှာ ဘာမှ မခြားနားပါဘူးဗျာ။ သူတို့တွေက စဉ်းစားတွေးမြင်ပုံ အတူတူပါပဲ။ ပညာရေးကို ဆန့်ကျင်ကြတာပဲ။"
ဆင်းပြည်နယ်ရဲ့ ပညာရေး ၀န်ကြီး နီဆာ ခူရိုကတော့ "သူတို့ကိုယ်တိုင်က တခြားနေရာတွေကို ပြောင်းသွားကြတဲ့ ဆရာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒါကို သတိထားရပါမယ်။ ဆရာတွေ ပြန်လာကြမယ်ဆိုရင် မလည်ပတ်နိုင်တဲ့ ကျောင်းတွေ နည်းပါးလာမှာပါ။ တခြား နိုင်ငံရေး အကြောင်း မရှိပါဘူး" လို့ ပြောပါတယ်။
ဒါပေမယ့် အခုကတော့ ပြည်သူတွေက သူ့အစီအစဉ်နဲ့သူ ဘာသာရေးကျောင်းလေးတွေ တည်ထောင်လာခဲ့ကြပါတယ်။
နာဒီဒက်နာဘောလ်က လူမရှိတဲ့ အစိုးရကျောင်းတခုနားမှာ မက်ဒရက်စ်ဆာ (Madressah) တည်ထောင်ထားခဲ့ပါတယ်။ အခု လောလောဆယ်မှာ ယောက်ျားလေး ၁၀ ယောက်လောက် စာသင်နေပြီး မိန်းကလေးတော့ မရှိပါဘူး။
နာဒီဒက်နာဘောလ်က “သူတို့က ခေတ်မီပညာရေးတော့ မရနိုင်ကြပါဘူး။ ဒီတော့ ကျနော်ထင်တာက အနည်းဆုံး ဘာသာရေးတော့ ကျနော်တို့ သင်ပေးနိုင်တယ်။ ဒါပေမယ့် ကျနော်တို့က ဒီမှာ အားလုံးကို သင်မပေးနိုင်တော့ ကျောင်းသားတွေ ခေတ်နောက်တော့ ကျန်ခဲ့မှာပဲပေါ့ဗျာ။”
နာအင်မ်းဆာဟိုတာရာက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ရှာဒီခန်နဲ့ အတူ
ပါကစ္စတန်နိုင်ငံ ကရာချိမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။