မုံရွာမြို့မှာ မတ်လ ၂၁ ရက် ဒီနေ့ တစ်ရက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် ရဲနဲ့ စစ်တပ်တို့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီမနက်ပိုင်းမှာတင် နန္ဒဝန်ရပ်ကွက်အတွင်း ထိပ်တိုက်တွေ့ဆုံမှုမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခံရလို့ အသက် ၂၉ နှစ်အရွယ် ကိုမင်းမင်းဇော် ဦးခေါင်းသေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့သလို နောက်ထပ် ၂ ယောက် သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် နောက်တစ်နေရာမှာလည်း ပြည်သူ ၁ ယောက် လည်ပင်းကို သေနတ် ကျည်ဆန် ထိမှန်ခဲ့ပါတယ်။
မွန်းလွဲပိုင်းမှာတော့ မုံရွာနယ်မြေရဲစခန်းအနီးမှာ ရဲနဲ့ ဒေသခံတချို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုကြောင့် လူငယ် ၃ ယောက် လက်မောင်းနဲ့ ခြေထောက်တွေမှာ သေနတ်ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
မုံရွာမြို့မှာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင်အကြမ်းဖက် ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ယောက်ရှိပြီဖြစ်ကာ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။