ဆာခါရော့ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံ

ဥရောပကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ပြည့်နှစ်က ပေးအပ်ချီးမြှင့်ခဲ့တဲ့ ဆာခါရော့ လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာဆုကို ပြင်သစ်နိုင်ငံ ဥရောပပါလီမန်ရုံးစိုက်ရာ စထရပ်ဘော့မှာ ဒီနေ့ လက်ခံရယူလိုက်ပါတယ်။ မြန်မာနိုင်ငံက အခုခေတ် လူငယ်တွေဟာ ကမ္ဘာအတွက် တန်ဖိုးရှိတဲ့သူတွေ ဖြစ်လာပြီးတော့ ပါမောက္ခ ဆာခါရော့ အတည်ပြုထားတဲ့ အခွင့်အရေးနဲ့ အောင်မြင်မှုတွေကို ကူညီမြှင့်တင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်ပွဲမှာ ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေကို ဘာကြောင့်ဆိုတဲ့ မေးခွန်းတွေကို မေးတတ်ဖို့ သင်ကြားပေးနေကြောင်းနဲ့ ဒီမိုကရေစီစနစ်ဆိုတာ ပြီးပြည့်စုံတဲ့စနစ် မဟုတ်ကြောင်းလည်း ပြောကြားသွားပါတယ်။ မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားမှုဟာ ချက်သမ္မတနိုင်ငံနဲ့ ရိုးမေးနီးယားနိုင်ငံတွေထက် စောခဲ့ပေမယ့်လည်း နောက်ကျ ကျန်နေရစ်ကြောင်း၊ အခုတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ အနာဂတ်နဲ့ လူငယ်တွေရဲ့ အနာဂတ် လုံခြုံစိတ်ချရဖို့အတွက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေမှာ အကူအညီလိုနေတာတွေကို နားလည်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားပါတယ်။ ဆာခါရော့ဆုဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေ အတွက် ဆိုဗီယက်သိပ္ပံပညာရှင် အတိုက်အခံလှုပ်ရှားသူ အင်ဒရေး ဆာခါရော့ (Andrei Sakharov) ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၁၉၈၈ ခုနှစ်က စပြီးချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီဆုကို လက်ခံရယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံနဲ့ မြောက်ပိုင်းအိုင်ယာလန်ကို သွားရောက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်သလို ဆင်းဟတ်စ်စစ်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ လူဇင်ဘတ်ကို ရောက်ရှိစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးတွေကို သမ္မတဖြစ်ခွင့် တားမြစ်ထားတဲ့ ဒီမိုကရေစီ မကျတဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ဥရောပ သမဂ္ဂနဲ့ ကမာ့္ဘခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အောက်တိုဘာ ၂၀ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပကောင်စီရဲ့ ဥက္ကဋ္ဌ ဟာမန်ဗန်ရွန်ပူး (Herman Van Rompuy) နဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဂျိုဆေလ်း မန်နျူရယ်လ် ဘာရိုဆို (Jose Manuel Barroso)နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။ အခု ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယအကြိမ်မြောက် ဥရောပခရီးစဉ် ဖြစ်ပြီး အရင်နှစ်က ဗြိတိန်နဲ့ နော်ဝေတို့ကို သွားရောက်ခဲ့ပါတယ်။

More News
Up