စာပေလွတ်လပ်ခွင့်အတွက် Pen Myanmar ဖွဲ့စည်းမည်

မြန်မာနိုင်ငံက စာရေးဆရာတွေနဲ့ Pen Myanmar ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ Pen International ရဲ့ ၇၉ ကြိမ်မြောက် ညီလာခံမှာ Pen အဖွဲ့ဝင်များရဲ့ ထောက်ခံမှုဖြင့် စက်တင်ဘာ ၁၂ ရက်နေ့က Pen Myanmar ကို ဖွဲ့စည်းဖို့အတွက် ခွင့်ပြုချက် ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ပါဝင်တဲ့ စာရေးဆရာတွေနဲ့အတူ နိုဝင်ဘာ ၂၇ ရက် (အမျိုးသားနေ့) မှာ Pen Myanmar ညီလာခံတခု ပြုလုပ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့တခု ရွေးချယ်ဖို့ ပြုလုပ်ထားကြောင်း သိရှိရပါတယ်။ လုပ်ငန်းကော်မတီတွေကို ဖွဲ့စည်းမှာဖြစ်ပြီး ဘာသာပြန်နဲ့ ဘာသာစကားဆိုင်ရာ ကော်မတီ၊ အမျိုးသမီး စာရေးဆရာ ကော်မတီ၊ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများ ကော်မတီနဲ့ ထောင်တွင်းစာရေးဆရာများကော်မတီစတဲ့ ကော်မတီ ၄ ရပ် ဖွဲ့စည်းပါရှိမယ်လို့ သိရပါတယ်။ Pen Myanmar ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကို စာရေးဆရာ မျိုးမြင့်ညိမ်းက အခုလို ပြောဆိုပါတယ်။ "မြန်မာနိုင်ငံမှာ လွတ်လပ်စွာရေးသားခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေ ကင်းဝေးနေတာကြာပြီး။ အဲဒါတွေ ကျနော်တို့မှာ ကင်းဝေးနေတာကြာပြီ။ အဲဒါတွေ လုပ်ဖို့အတွက် အခွင့်အလမ်းတွေ ရလာတဲ့အခါ ဆောင်ရွက်မယ်။ နောက်တခါ မြန်မာနိုင်ငံမှာ သစ်လွင်တဲ့ စာပေယဉ်ကျေးမှုတရပ် ဖြစ်ပေါ်ရေးဆိုတာကို ရည်မှန်းထားတာ ရှိပါတယ်။ ကျောင်းပညာရေးနဲ့ ရသစာပေ ပူးပေါင်း ဆက်စပ်ဖို့အတွက် အဲဒါကို ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတယ်။ အဓိကတော့ အဲဒီအချက် ၃ ချက်ပါပဲ။" စာပေလွတ်လပ်ခွင့်အတွက် ပြင်ဆင်ထားတဲ့အဖွဲ့အစည်းတခု ဖြစ်တယ်လို့ ဆရာ မျိုးမြင့်ညိမ်းက ပြောပါတယ်။ "လွတ်လပ်စွာရေးသားခွင့်အတွက် ကျနော်တို့ချည်းပဲ တိုက်ပွဲဝင်လို့ မရနိုင်သေးတဲ့ အချိန်မှာ နိုင်ငံတကာရဲ့ အားတွေ ယူရတာတွေ ရှိပါလိမ့်မယ်။ အဲဒီအခါကျရင် ဒါတွေက ကျနော်တို့အတွက် အားတွေ ဖြစ်လာပါလိမ့်မယ်။ တကယ်တမ်း ပြောမယ်ဆိုရင် စာပေလွတ်လပ်ခွင့်အတွက် ပြင်ဆင်ထားတဲ့အဖွဲ့အစည်းတခုပါ။" အယ်ဒီတာရှိတဲ့ သတင်းစာမျက်နှာပေါ်တွေမှာ ဖြတ်သန်းပြီး အယ်ဒီတာရဲ့ တည်းဖြတ်မှုကို ခံယူထားတဲ့ စာမျိုးကို ရေးတဲ့ စာရေးဆရာအားလုံး Pen Myanmar အဖွဲ့ဝင်အဖြစ် လက်ခံမယ်လို့ ဆရာ မျိုးမြင့်ညိမ်းက ဆက်လက်ပြောဆိုပြီး Pen Myanmar အဖွဲ့ဝင်အဖြစ် လျှောက်လာတဲ့ စာရေးဆရာတွေကို နိုဝင်ဘာလတွင် ပြုလုပ်မယ့် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ လျှောက်လွှာတွေကို ဘုတ်အဖွဲ့ဖွဲ့ပြီးမှ ရွေးချယ်မည်ဖြစ်ကြောင်း သိရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up