စစ်မှန်သည့်ဒီမိုကရေစီပြောင်းလဲရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များ ဖိအားပေးရန် တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလည်းရေး ဖြစ်လာအောင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက ဖိအားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၁ ရက်နေ့က လူဇင်ဘတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ  မြန်မာအစိုးရဲ့ ပြုပြင်ပြောင်းလဲရေးမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဥရောပနိုင်ငံတွေက ဖိအားပေးဖို့ တိုက်တွန်း လိုက်တယ်လို့ အေဂျင်စီသတင်းတွေမှာ ဖော်ပြထားပါတယ်။ သူရဲ့ ခရီစဉ်အတွင်းမှာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မတွေ့ဆုံခင်မှာ ဒီမိုကရေစီကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ အရေးကြီးကြောင်း ကိုလည်း သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ “မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ကိစ္စတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေ အားလုံး ဖြေရှင်းနိုင်ဖို့က ဒီမိုကရေစီရဲ့ ကျင့်စဉ်မှာ အခြေခံအကျဆုံးကိစ္စတခုဖြစ်တဲ့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင်ဆုံး ပြင်ဆင်ဖို့ လိုပါတယ်။  ဒီဖွဲ့စည်းပုံကို မပြင်ဆင်မချင်း ကျန်တဲ့ ကိစ္စရပ်တွေ ပြုပြင်နိုင်မှာ မဟုတ်ပါဘူးလို့” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၂ ရက်နေ့က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ဥရောပ ပါလီမန်ကော်မတီ (European Parliament Committees) အစည်းအဝေးမှာလည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့က အများကြီး ကြိုးစားရဦးမယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကနေ စရမယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဆိုရင်လည်း လက်ရှိ အာဏာရသူတွေကို အသာပေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်တဲ့အတွက် ပြုပြင်ဖို့ လိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂမှာ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့နဲ့ ဆာခါရော့ဖ် လူ့အခွင့်အရေးဆုကို လက်ခံရယူဖို့ ၁၅ ရက်ကြာ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့ကတည်း စတင်ခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ ခရီးစဉ်အတွင်းမှာ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီစတဲ့ ဥရောပ ၅ နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် ဖြစ်ပြီး နောက်ပိုင်းမှာ ဒါဟာ ဥရောပကို တတိယအကြိမ်မြောက် သွားရောက်တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up