မွန်ပြည်နယ်၊ ပေါင်မြို့မှာ မတ်လ ၁၉ ရက်နေ့က ညဘက် အပြင်ထွက်တဲ့ အရပ်သား ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လို့ လူငယ် ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေ ဒီဗွီဘီကို ပြောပါတယ်။
ပေါင်မြို့၊ ကဒုံစီးရပ်ကွက်နေသူ ကိုဇော်အောင်နဲ့ သူငယ်ချင်း ၃ ဦးဟာ ည ၁၂ နာရီ အချိန်လောက်မှာ ပေါင်လမ်းမကြီးအတိုင်း ဆိုင်ကယ်နဲ့ မောင်းနှင်းလာခဲ့တာဖြစ်ပြီး ပေါင်မြို့မ ရဲစခန်းအနီးအနားမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် အသက် ၃၀ အရွယ် ကိုဇော်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ကျန် သူငယ်ချင်း ၂ ဦးမှာ သေနတ် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ တခြား သူငယ်ချင်း ၁ ဦးကတော့ လက်မောင်း ကျဉ်ဆန်ထိမှန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေပါတယ်။
သေနတ် ကျဉ်ဆန် ၂ ချက် ထိမှန်ခဲ့တဲ့ ကျန် သူငယ်ချင်း ၁ ဦးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မော်လမြိုင် တပ်မတော် ကုတင် ၃၀၀ ဆေးရုံကို ပို့ဆောင်ထားပါတယ်။
ပေါင်မြို့မှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ပထမဦးဆုံး လူသေဆုံးမှု ဖြစ်တာပေါ်ခဲ့တာဖြစ်ပြီး လက်ရှိ ပေါင်မြို့မရဲစခန်း ဝန်းကျင်မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေရာယူထားပါတယ်။