ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ မတ်လ ၁၉ ရက်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေက အကြမ်းဖက်ပစ်ခတ်လို့ ပြည်သူ ၉ ဦးကျဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူ ၉ ဦးအနက် ၆ ဦးရဲ့ အလောင်းကို ရဲစခန်းက ၂/၇၀၀ တပ်မတော်စစ်ဆေးရုံကိုပို့ခဲ့ပြီး သက်ဆိုင်ရာမိသားစုဝင်တွေအနေနဲ့ အလောင်းတွေလာထုတ်ဖို့ ဆေးရုံက အကြောင်းကြားလာပေမယ့် တကယ်တမ်းသွားတဲ့အခါ ထုတ်မပေးဘဲ ကနေ့မနက်စောစောမှာတော့ ကလော သုဿာန်မှာ မီးရှို့ပစ်တာကို တွေ့တဲ့သူတွရှိကြောင်း အောင်ပန်းဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“အမှတ် ၂ တပ်မတော်စစ်ဆေးရုံက အလောင်းတွေလာယူဖို့ပြောပြီး ညနေ ၆ နာရီလောက်မှာ မိသားစုဝင်တွေကသွားထုတ်တာကို ထုတ်မပေးဘူးတဲ့၊ မနက်ဖန်မှလာထုတ်လို့ပြောတယ်၊ ဒီက နေ့မနက် စောစော ၅ နာရီလောက်မှာကျတော့ စစ်ဆေးရုံကကားနဲ့ ကလောသုဿာန်မှာ မီးလာ ရှို့လိုက်တယ်လို့ တွေ့တဲ့လူက ပြောတယ်၊ အဲဒီထဲမှာ ရဲထက်နဲ့ ချမ်းလေးဆိုတဲ့ ကျနော်သိ တဲ့ ကလေး ၂ ယောက်ပါ တယ်၊ အသက် ၂၀ ဝန်းကျင်လေးတွေ”။
အဆိုပါ ၆ ဦးမှာ မင်္ဂလာမြောက်ပိုင်းရပ်ကွက်မှ ၂ ဦး၊ ကျောက်တော်ကုန်းရပ်ကွက်မှ ၁ ဦး၊ ရွာငံ စုရပ်ကွက်က ၁ ဦး၊ လက္မပင်ရပ်မှာ ၁ ဦးနဲ့ ၄ ရပ်ကွက်က ၁ ဦးလို့ အောင်ပန်းဒေသခံက ပြောပါတယ်။
လက်ရှိအောင်ပန်းအခြေအနေမှာ စစ်တပ်နဲ့ရဲတွေက ကားအစီး ၃၀ ကျော်နဲ့ နေရာတိုင်းမှာ လှည့်လည်သွားလာနေပြီး မထင်ရင်မထင်သလို ပစ်ခတ်တာကြောင့် မြို့သူမြို့သားတွေ ဘယ်သူမှအပြင်မထွက်ရဲသလို အလောင်းကိစ္စ ထပ်သွားမေးဖို့တောင်ခက်ခဲနေပြီး နာရေးကူညီမှုအသင်းကလည်း ပုံမှန်ကူညီရေးအလုပ်တွေမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
မနေ့က ပစ်ခတ်မှုမှာ လူ ၉ ဦးသေဆုံးပြီး ၂၅ ယောက်ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူတွေ ကိုတော့ကလောဆေးရုံကို ခက်ခဲစွာနဲ့ပို့ဆောင်ပေးနိုင်ခဲ့ပြီလို့ အောင်ပန်းဒေသခံက ပြောပါတယ်။