ကျဆုံး အောင်ပန်းဆန္ဒပြသူများ၏ ရုပ်အလောင်းကို မိသားစုထံပြန်မပေးဘဲ အကြမ်းဖက် စစ်တပ်က မီးရှို့ပစ်

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ မတ်လ ၁၉ ရက်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေက  အကြမ်းဖက်ပစ်ခတ်လို့  ပြည်သူ  ၉ ဦးကျဆုံးပြီး  ၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ 

သေဆုံးသူ ၉ ဦးအနက် ၆ ဦးရဲ့ အလောင်းကို ရဲစခန်းက ၂/၇၀၀ တပ်မတော်စစ်ဆေးရုံကိုပို့ခဲ့ပြီး သက်ဆိုင်ရာမိသားစုဝင်တွေအနေနဲ့ အလောင်းတွေလာထုတ်ဖို့  ဆေးရုံက အကြောင်းကြားလာပေမယ့် တကယ်တမ်းသွားတဲ့အခါ ထုတ်မပေးဘဲ ကနေ့မနက်စောစောမှာတော့ ကလော သုဿာန်မှာ မီးရှို့ပစ်တာကို တွေ့တဲ့သူတွရှိကြောင်း အောင်ပန်းဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အမှတ် ၂ တပ်မတော်စစ်ဆေးရုံက အလောင်းတွေလာယူဖို့ပြောပြီး ညနေ ၆ နာရီလောက်မှာ မိသားစုဝင်တွေကသွားထုတ်တာကို ထုတ်မပေးဘူးတဲ့၊ မနက်ဖန်မှလာထုတ်လို့ပြောတယ်၊  ဒီက နေ့မနက် စောစော ၅ နာရီလောက်မှာကျတော့ စစ်ဆေးရုံကကားနဲ့  ကလောသုဿာန်မှာ မီးလာ ရှို့လိုက်တယ်လို့ တွေ့တဲ့လူက ပြောတယ်၊ အဲဒီထဲမှာ ရဲထက်နဲ့ ချမ်းလေးဆိုတဲ့ ကျနော်သိ တဲ့ ကလေး ၂ ယောက်ပါ တယ်၊ အသက် ၂၀ ဝန်းကျင်လေးတွေ”။

အဆိုပါ ၆ ဦးမှာ မင်္ဂလာမြောက်ပိုင်းရပ်ကွက်မှ ၂ ဦး၊ ကျောက်တော်ကုန်းရပ်ကွက်မှ ၁ ဦး၊ ရွာငံ စုရပ်ကွက်က ၁ ဦး၊ လက္မပင်ရပ်မှာ ၁ ဦးနဲ့ ၄ ရပ်ကွက်က ၁ ဦးလို့ အောင်ပန်းဒေသခံက ပြောပါတယ်။ 

လက်ရှိအောင်ပန်းအခြေအနေမှာ စစ်တပ်နဲ့ရဲတွေက ကားအစီး ၃၀ ကျော်နဲ့  နေရာတိုင်းမှာ လှည့်လည်သွားလာနေပြီး မထင်ရင်မထင်သလို ပစ်ခတ်တာကြောင့် မြို့သူမြို့သားတွေ ဘယ်သူမှအပြင်မထွက်ရဲသလို အလောင်းကိစ္စ ထပ်သွားမေးဖို့တောင်ခက်ခဲနေပြီး နာရေးကူညီမှုအသင်းကလည်း ပုံမှန်ကူညီရေးအလုပ်တွေမလုပ်နိုင်ဘူးလို့  ဆိုပါတယ်။

မနေ့က ပစ်ခတ်မှုမှာ လူ ၉ ဦးသေဆုံးပြီး ၂၅ ယောက်ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူတွေ ကိုတော့ကလောဆေးရုံကို ခက်ခဲစွာနဲ့ပို့ဆောင်ပေးနိုင်ခဲ့ပြီလို့ အောင်ပန်းဒေသခံက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up