Home
မြန်မာသတင်း
ပထမဆုံးအကြိမ် ချင်းအမျိုးသားညီလာခံ ကျင်းပမည်
နန်းမြနဒီ
·
October 22, 2013
ချင်းလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီနဲ့ လူထုလူတန်းစား အလွှာစုံ ကိုယ်စားလှယ်တွေ ပါဝင်မယ့် ပထမဆုံးအကြိမ် ချင်းအမျိုးသားညီလာခံကြီးကို  ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီညီလာခံကို လာမယ့် နိုဝင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ချင်းပြည်နယ်မြို့တော် ဟားခါးမှာ ၄ ရက်တာ ကျင်းပသွားဖို့ ရှိပြီး ချင်းမျိုးနွယ်စုအလိုက်၊  ဒေသအလိုက်နဲ့ အဖွဲ့အစည်းအလိုက် အခြေခံပြီး အလွှာစုံ ပါဝင်ဆွေးနွေးကြမယ်လို့ ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ထဲက  ချင်းအမျိုးသားတပ်ဦးရဲ့ လက်ထောက်အတွင်းရေးမှူး (၂)  ဒေါက်တာရွှေခါးက ပြောပါတယ်။ ညီလာခံမှာ  ချင်းအမျိုးသားတို့ရဲ့ နိုင်ငံရေးဘုံသဘောထား ရပ်တည်ချက် ရရှိရေးအပြင် ရည်ရွယ်ချက် ၄ ခုရှိကြောင်း  ဒေါက်တာရွှေခါးက ခုလို ရှင်းပြပါတယ်။ “ပထမကတော့ မကြာမီကျင်းပမယ့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာရော၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေမှာရော ချင်းလူမျိုးအနေနဲ့ ဘုံရပ်တည်ချက်တွေ ထွက်ပေါ်လာဖို့၊ ဒုတိယက ကျနော်တို့ ဘုံနိုင်ရေး မဟာဗျူဟာ ချမှတ်နိုင်ဖို့၊ တတိယအချက်က နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမှာ ချင်းလူထုကိုယ်စားပြု ဆွေးနွေးနိုင်မယ့် နည်လမ်းတွေကို ဖော်ထုတ်ဖို့။ နံပါတ် ၄ ကတော့ ချင်းလူမျိုးကြားထဲမှာ စည်းလုံးညီညွှတ်ရေးကို ပိုအားကောင်းလာအောင် ဒီညီလာခံကို ပြုလုပ်ခဲ့ပေါ့။” အထက်ပါ ရည်ရွယ်ချက်တွေအတွက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်လေ့လာခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြေယာနဲ့ သယံဇာတခွဲဝေမှု၊ ဥပဒေရေးရာ၊ ဘာသာစကား၊ ယဉ်ကျေးမှုအခွင့်အရေးနဲ့ မျိုးနွယ်စု ၅၃ စုအရေးတို့အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စားနပ်ရိက္ခာ ဖူလှုံရေး၊  ချင်းဒုက္ခသည်အရေး၊ အမျိုးသမီး၊ အမျိုးသား တန်းတူရေးနဲ့ မူးယစ်ဆေးဝါးပြဿနာကိစ္စတွေပါ စုစုပေါင်း ခေါင်းစဉ် ၁၀ ခု လောက်နဲ့ ဆွေးနွေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။ အချိန်တိုတိုအတွင်း အကြောင်းအရာမျိုးစုံ ခြုံငုံဆွေးနွေးနိုင်ဖို့ ခေါင်းစဉ်အလိုက် အုပ်စုငယ်ဖွဲ့ပြီး ဆွေးနွေးကာ ညီလာခံမှာ ပြန်သုံးသပ်မယ်လို့ ဆိုပါတယ်။ ညီလာခံမှာ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့တကွ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေပါ ဖိတ်ကြားထားပြီး စုစုပေါင်း ကိုယ်စားလှယ် ၅၀၀ လောက် ပါဝင်မယ်လို့ ခန့်မှန်းထားကြောင်းလည်း သိရပါတယ်။ ဒီညီလာခံကို ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီနဲ့ ချင်းအရပ်ဘက် လူမှု အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024