ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ထဲမှာ ဒီကနေ့မနက်က စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက မီးခိုးဗုံးတွေနဲ့ပစ်ပြီး ကျည်ဆန်အစစ်တွေနဲ့ပါ ပစ်ခတ်တဲ့အတွက် ဆန္ဒပြသူ အနည်းဆုံး ၃ သေဆုံးပြီး ၁၇ ဦးခန့် ဒဏ်ရာရထားပါတယ်။
သေဆုံးသူ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပြင် ဆန္ဒပြသူ ၆ ဦးလည်း ဖမ်းဆီးခံထားရပါတယ်။
အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်တပ်နဲ့ရဲတွေက ကနေ့ မနက် ၈ နာရီ ၄၅ မိနစ်လောက်ကစ ငြိမ်းချမ်းစွာဆန္ဒပြသူတွေပြုလုပ်ထားတဲ့ အကာအရံတွေကို ဘူဒိုဇာကားနဲ့လာ ရောက်ဖျက်ဆီးသလို မီးခိုးငွေ့ဗုံးတွေနဲ့လည်း အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း၊ ဆန္ဒပြသူ တွေက သူတို့ကိုအပြင်စည်းကနေပြန်ဝိုင်းရာမှာ ကျည်အစစ်တွေနဲ့စပစ်လို့ အစပိုင်းမှာ ၂ ဦးသေ ဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ အောင်ပန်းဆန္ဒပြတဲ့ထဲပါဝင်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“အတားအဆီးကို ရဲတွေက ဘူဒိုဇာနဲ့အရင်လာဖျက်တယ်။ ကျနော်တို့ကလည်း ခံတပ်လေးတွေဘက်ကနေ ရသလောက်တောင့်ထားတယ်။ စဖျက်တာကစပြီး ကျနော်တို့ဘက်ကို မီးခိုးဗုံးတွေ အလုံးရေများစွာပစ်တယ်၊ သူတို့ကမြို့ထဲကလမ်းဆုံကို အပိုင်စီးထားတော့ ကျနော်တို့ဘက်က အဖမ်းခံရတဲ့ ကိုယ့်လူတွေကို ပြန်ဝင်ကြည့်တဲ့အချိန်မှာ ကျည်အစစ်နဲ့ စပစ်တယ်ခင်ဗျ ၊ စနိုက်ပါနဲ့ပစ်တာ တစ်ယောက်က လည်ပင်းကိုဖြတ်ပြီးမှန်တယ်၊ တယောက်က ပေါင်ကိုမှန်ပြီး သွေးလွန်ပြီးသေသွားတယ်။ သူတို့ကို ကျနော်တို့ဆွဲထုတ်နေရင်း ဆက်ပစ်နေတော့ သေနတ်မှန်သူအားလုံး တစ်ဆယ်ကျော်ရှိမယ်၊ နောက်ပြီးထွက်ပြေးတဲ့လူတွေနောက်လိုက်ဖမ်းတာ ၆ ယောက်လောက်ပါသွားတယ်။ အဖမ်းခံရတဲ့အထဲက တစ်ယောက်က သူတို့ကိုပြန်ပြောလို့ဆိုပြီး ခေါင်းကိုသေနတ်နဲ့ပစ်ပြီး ကားပေါ်ဆွဲတင်သွားတယ်၊သေလားရှင်လားမသိရဘူးခင်ဗျ ”
သေဆုံးသူနဲ့ဒဏ်ရာရသူ ၂ ဦးကို ဆေးရုံပို့ထားပြီး ကျန်တဲ့ဒဏ်ရာရသူတွေကတော့ ရဲနဲ့စစ်တပ်အတားအဆီးတွေရှိနေလို့ နီးစပ်ရာ အမှတ် ၆ ကျောင်းထဲမှာ ရှေးဦးသူနာပြုစု ထားကြောင်း၊ စာသင်ကျောင်းမှာ ခဏထားထားတဲ့ ဒဏ်ရာရသူ ၁၂ ဦးအနက် ရင်ဘတ်နဲ့ ဗိုက်ကိုထိမှန်ထားတဲ့တစ်ယောက်က ထပ်ပြီးသေဆုံးသွားတယ်လို့ သူကဆက်ပြောပါတယ်။
နောက်ထပ်ဆန္ဒပြသူတစ်ဦးကတော့ လောလောဆယ် ဒဏ်ရာရသူ ၈ ဦးကို ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်လို့ သေဆုံးသူရှိကြောင်း ၊ ဒါပေမဲ့ ဆေးရုံ တာဝန်ရှိသူတွေက ကာယကံရှင်မိသားစုတွေကိုယ်တိုင်လာရောက်ဆက်သွယ်မှ ပြောမယ်ဆိုတာကြောင့် သေဆုံးသူအရေအတွက်အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
“ ကျနော်သိရသလောက်တော့ ဒဏ်ရာရသူအားလုံး ၁၇ ယောက်လောက်ရှိမယ်ခင်ဗျ ၊ ကလောဆေးရုံကို ၈ ယောက် ပို့နိုင်ခဲ့တယ်၊ သေဆုံးတာကတော့ ၃ ယောက်ပဲ အတည်ပြုနိုင်တယ်၊ ဆေးရုံကလူတွေရဲ့အခြေအနေသွားမကြည့်နိုင်သေးဘူး၊ ဆေးရုံကလည်း မိသားစုဝင်မှပေးတွေ့မယ်လို့ ပြောတယ်၊ သေနတ်သံတွေက အခုထိ ( မွန်းလွဲ ၂ နာရီခွဲခန့်) ထိ ကြားနေရတုန်းပါ၊ တနေရာနဲ့တနေရာသွားလာဖို့လည်း ခက်ခဲနေပါတယ် ”
ရဲနဲ့ စစ်တပ်အင်အားတွေလည်း ထပ်ရောက်လာပြီး အောင်ပန်းမြို့တွင်း ၁၂ ရပ်ကွက်ထဲရှိ ပြည်သူတွေမိမိလုံခြုံရေးအတွက်လုပ်ထားတဲ့ အတားအဆီးအကာ အရံတွေကို ဘူဒိုဇာတွေနဲ့ လိုက်လံဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
အောင်ပန်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရတာ ဒါနဲ့ပါဆို ၃ ကြိမ်ရှိပြီး စစ်တပ်က အသလွတ်ဝင်ပစ်ခတ်တာ ၁ ကြိမ်ရှိကာ ထိုစဉ်က ဆန္ဒပြပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။