ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးစဉ် ယာဉ်တိုက်မှုဖြစ်ပွားတာကြောင့် လမ်းဘေးက ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။
တောင်ကြီးမြို့ ကံအရှေ့ရပ် မဟာသုခလမ်းနေ ဦးချစ်ထွန်း (အသက် ၉၇ နှစ်မှာ) ကျန်းမာရေးအတွက် မနက်တိုင်းလိုလမ်းလျှောက်ထွက်နေရာက မတ်လ ၁၇ ရက် မနက် ၇ နာရီခွဲလောက် အင်းဝဘဏ်ရှေ့အရောက်မှာ လိုက်ဖမ်းလို့ ပြေးလာတဲ့ ဆန္ဒပြသူတဦး စီးလာတဲ့ ဆိုင်ကယ် ၁ စီးက ဝင်တိုက်လို့ အခင်းဖြစ်နေရာမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။
အဲဒီဆိုင်ကယ်ဟာ အကြမ်းဖက်လုံခြုံရေးတပ်ဖွဲ့က ကားနဲ့လိုက်ဖမ်းစဉ် ရှောင်ရင်းတိမ်းရင်းနဲ့ ဦးချစ်ထွန်းကိုရော နောက်လူကြီးတယောက်ကိုပါ တိုက်သွားတာလို့ သေဆုံး သူရဲ့ ဆွေမျိုးတဦးက ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့အဖိုးက ကျန်းမာရေးကောင်းတယ်။ မနက်တိုင်း လမ်းလျှောက်ထွက်တယ်။ မနေ့ မနက်က လမ်းလျှောက်ထွက်ပြီး အပြန်အင်းဝဘဏ်ရှေ့ရောက်တော့ ဆိုင်ကယ်အတိုက်ခံရတာ၊ မြင်တဲ့အသိတယောက် ပြန်ပြောပြတာတော့ မနေ့မနက်က အထက ၁ ကျောင်းမြောက်ဘက်မှာ ဆန္ဒပြသမားတွေ လမ်းပိတ်ကြတယ်။ သူတို့ကို စစ်သားတွေက ကားနဲ့လိုက်တိုက်တယ်။ သေနတ် လည်းဖောက်တယ် ၂ ချက်တဲ့၊ လူထိလားမထိလားတော့မသိဘူး။ ဆိုင်ကယ်စီးတဲ့သူက ရှောင်ရင်း တိမ်းရင်းနဲ့ အဖိုးကိုရောနောက်ထပ်လူတယောက်ကိုပါ တိုက်သွားတာ၊ သူတို့လွတ် မလွတ်တော့ မသိဘူး။ စစ်ကားက အဖိုးကိုလမ်းပေါ်ကနေ ပလက်ဖောင်းပေါ်ဆွဲတင် ဒီတိုင်းထားပြီး ပြန်ထွက် သွားတယ်။ ဖြစ်ဖြစ်ချင်း အဲဒီနားဘယ်သူမှမကပ်ရဲဘူး။ အခြေအနေက ရှုတ်ရှက်ခတ်နေလို့၊ အဖိုးက လူသိများတော့ မှတ်မိတဲ့သူတယောက်က အိမ်သားတွေကို လှမ်းဖုန်းဆက်လိုက်တာ၊ အိမ်သား တွေက အဖိုးကို စိန်ဆေးရုံခေါ်သွားတယ်။ အဖိုးကိုဓာတ်မှန်ရိုက်ကြည့်တော့ ဦးနှောက်ထဲမှာ သွေးတွေ ဝင်နေတယ် ၃ နေရာ၊ လဲကျတော့ ခေါင်းကိုသမံတလင်းနဲ့ ဆောင့်မိတယ်လို့ ယူဆရ ပါတယ်။ အဖိုးက နေ့ခင်းလောက်မှာ ဆုံးသွားတယ်ခင်ဗျ။”
ဦးချစ်ထွန်း ဆေးရုံရောက်ပြီး မရှေးမနှောင်းမှာဘဲ နောက်ထပ် ဒဏ်ရာရ ထားတဲ့ ဦးလေး တစ်ဦးရောက်လာကြောင်း၊ မေးကြည့်ရာမှာ သူဟာလည်း အခင်းဖြစ်တဲ့နေရာနဲ့ မနီးမဝေး တချိန်တည်းမှာ ဆိုင်ကယ်တိုက်ခံရတာဖြစ်ပြီး သူကတော့ ညာဘက်လက်ကျိုးသွားလို့ ကျောက်ပတ်တီးစည်းထားရတယ်လို့ ဆိုပါတယ်။
တောင်ကြီးက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ သူတို့သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီးတဲ့နောက် လမ်းမကြီးတွေရှောင်ကွင်းပြီး လမ်းကြိုလမ်းကြားတွေမှာဘဲ ဆိုင်ကယ်နဲ့ ပြောက်ကျားသပိတ်လို ဆင်နွှဲနေကြပါတယ်။
မတ်လဆန်းပိုင်းက သပိတ်ဖြိုခွဲခံရတဲ့နောက်ပိုင်း ဆန္ဒပြသူ ၃၀ ကျော် အဖမ်းခံခဲ့ရပါတယ်။