Home
မြန်မာသတင်း
အိမ်သုံးလျှပ်စစ်ဓာတ်အားခကျသင့်ငွေ ခြွင်းချက်မရှိ အခမဲ့ကင်းလွတ်ခွင့်ပြုကြောင်း CRPH ကြေညာ
DVB
·
March 18, 2021

အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ ခြွင်းချက်မရှိ အခမဲ့ ကင်းလွှတ်ခွင့်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာလိုက်ပါတယ်။

ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၁ ဆုံးဖြတ်ချက်အရ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခတွေကို သုံးစွဲမှုယူနစ်အားလုံးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး  ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ကြေညာချက်ထုတ်ထားပါတယ်။

ဒါ့အပြင် အိမ်သုံးမဟုတ်တဲ့ အမျိုးအစားတွေအတွက် လျှပ်စစ်ောတ်အားခကျသင့်ငွေနဲ့ အခြားဝန်ဆောင်ခများ ကောက်ခံတာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး သုံးစွဲမှုယူနစ်အားလုံးအတွက်ခေတ္တ ဆိုင်းငံ့ကြောင်း မတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာပါရှိပါတယ်။

ပြည်ထောင်စုအစိုးရ လမ်းညွှန်ချက်အရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ COVID-19 ကြောင့် ပြည်သူတွေ စီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကြပ်တည်းခြင်းများစွာ ရှိနေခြင်းကို အထိုက်အလျောက် ပြေလျော့စေဖို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ  (၁၅၀) ယူနစ်အထိ ဓာတ်အားခ ကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ပြုခဲ့ပြီး ဖြစ်ပါတယ်။

အခုအခါ COVID-19 ကူးစက်ရောဂါကပ်ဘေးအပြင်၊ အာဏာသိမ်းစစ်အုပ်စုရဲ့ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ပြည်သူတွေ နေ့စဉ်နဲ့အမျှ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေကြရတဲ့အပြင်  လူမှုစီးပွားဘ၀များ မကြံစဖူး ထူးကဲစွာ အကြပ်အတည်း ရင်ဆိုင်နေရတဲ့ကာလ ဖြစ်နေတာကြောင့် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓာတ်အားသုံးစွဲမှုအတွက် ဓာတ်အားခကျသင့်ငွေ နဲ့ မီတာဝန်ဆောင်ခအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ခြွင်းချက်မရှိ အလုံးစုံ ကင်းလွတ်ခွင့်(အခမဲ့) ပြုလိုက်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024