မြောက်ဦးမြို့နယ် တိမ်ညိုဒုက္ခသည်စခန်းမှာ မတ် ၁၇ ရက် ည ၈ နာရီကျော်လောက်က နေအိမ် ၇၀၀ လောက် မီးလောင်ဆုံးရှုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
မီးထွန်းထားတဲ့ ဖယောင်းတိုင်လဲကျပြီး မိုးကာထရံကနေတဆင့် ကူးစက်လောင်ကျွမ်းခဲ့တာ လို့ ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးလောင်ကျွမ်းတဲ့နေရာကို မြောက်ဦးခရိုင်နဲ့မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင် အယောက် ၂၀ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးသတ်ယာဉ် ၃ စီးနဲ့သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီကျော်လောက်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ ၂ ယောက်ကိုတော့ တိမ်ညို တိုက်နယ်ဆေးရုံမှာ ဆေးကုသပေးနေပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ ကျေးရွာပေါင်း ၁၃ ရွာက လူဦးရေ ၃၃၅၅ ယောက်နဲ့အိမ်ထောင်စု ၈၇၅ စုနေထိုင်တဲ့အနက် လူဦးရေ ၂၇၀၀ ကျော်မီးဘေး သင့်ခဲ့တာလို့ သိရပါတယ်။
လတ်တလောမှာ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးပြီး ယာယီရွက်ဖျင် မိုးကာတဲ နဲ့ ထားရှိနိုင်အောင်စီစဉ်နေတယ်လို့ သိရပါတယ်။