မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာသိရန် ကူညီပံ့ပိုးမှုများ လိုအပ်

2.9K
ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းယှဉ်ပြိုင်ခွင့်မရတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနည်းကို နိုင်ငံတကာက သိအောင် ပံ့ပိုးကူညီဖို့ လိုအပ်နေတယ်လို့ လက်ဝှေ့အဖွဲ့သားတွေက ပြောပါတယ်။
မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနည်းဟာ နိုင်ငံတကာက ရင်းနှီးကျွမ်းကျင်မှု မရှိတဲ့အတွက် ပြည်ပနိုင်ငံတွေကို ထိုးဖောက်နိုင်တဲ့ ထိုင်းရိုးရာလက်ဝှေ့(မွေထိုင်း)ကိုပဲ ဆီးဂိမ်းမှာ ထည့်သွင်းယှဉ်ပြိုင်ခွင့်ရတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် မြန်မာ့ရိုးရာ လက်ဝှေ့ကို ကမ္ဘာက သိအောင် အဆင့်မြှင့်တင်ဖို့ ကူညီပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့ မြန်မာ့ရိုးရာ လက်ဝှေ့လောကသားတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။
မြန်မာရိုးရာ လက်ဝှေ့နည်းပြ ဦးလှစိုးဦးက “ကျနော်တို့ရိုးရာ လက်ဝှေ့က တဖြည်းဖြည်း နောက်ကို ရောက်ရောက်သွားနေတယ်။ ကျနော်တို့က သူများကို လိုက်ဖြန့်ဖို့ လိုတယ်။ ကျနော်တို့ ထိုင်းမှာ ရိုးရာ လက်ဝှေ့သင်တန်း ဖွင့်မယ်။ ကျနော်တို့ အချင်းချင်း ပြိုင်ပြမယ်။ သူတို့ထဲက ဝါသနာပါလို့ လာသင်တဲ့ ကလေးတွေနဲ့ ဒီကကောင်တွေနဲ့ထိုးမယ်။ အဲဒီလို ပြန့်ပွားအောင်လုပ်ရမှာပေါ့။ အဲဒါတွေ မလုပ်နိုင်လို့ မသိတာလို့ ယူဆတယ်။ ဒီနေ့ မွေထိုင်းလုပ်သွားတာ အဲဒါပဲ။ မွေထိုင်းကမ္ဘာကို ဘာလို့ ပြန့်သွားတာလဲ။ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ အဖွဲ့ချုပ်ရဲ့ ပံ့ပိုးမှု လုပ်ငန်းရှင်တွေရဲ့ ပံ့ပိုးမှုတွေကြောင့်ပါ။ ကျနော်တို့တွေက အဲဒါတွေ အားနည်းတယ်၊ ဖြစ်တော့ ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ ကြာဦးမယ်” လို့ ရှင်းပြပါတယ်။
ရိုးရာလက်ဝှေ့ကို ပြည်တွင်းမှာ အဘက်ဘက်က ပံ့ပိုးမှုတွေ အားနည်းနေတဲ့အပြင် ပြည်တွင်းကို အခြားနိုင်ငံက လက်ဝှေ့ပညာတွေ ၀င်ရောက်နေတဲ့အတွက် ရိုးရာလက်ဝှေ့ ပျောက်ကွယ်သွားမှာကို စိုးရိမ်သူတွေလည်း ရှိပါတယ်။
ဒါ့အပြင် တက်သစ်စ လက်ဝှေ့ အားကစားသမားတယောက်ရဲ့ ၀င်ငွေဟာ ကျပ် ၄ သောင်းဝန်းကျင်ပဲ ရတဲ့အတွက် လက်ဝှေ့ထိုးကြေးနဲ့ ဆေးပြန်ကုသရတဲ့စရိတ် မကာမိကြတာကြောင့် လက်ဝှေ့လောကကို ကျောခိုင်းသွားတဲ့ လူတော်တွေ အမြောက်အမြား ရှိပါတယ်။
ရိုးရာ လက်ဝှေ့ကစားသမား ဒေါင်းညိုလေးက “ကလေးတွေက အနှိမ်ခံရတယ်။ ၁ ပွဲ ၄၊ ၅ သောင်းရတဲ့ ကလေးတွေ ရှိတယ်။ သူတို့ အသုံးစရိတ် မလောက်ကြဘူး။ ဟိုတုန်းကတော့ သဲအိတ်တို့၊ ပိုက်ဆံတို့ ထောက်ပံ့ကြေးတွေ ချပေးတယ်။ သူတို့ကို ပိုက်ဆံ ပြန်ပေးနိုင်မယ့် ကလပ်အကြီးတွေကျတော့ ထောက်ပံ့ပေးတယ်။ စာရင်းတွေ၊ ဘာတွေ နာမည်လာ ကောက်သွားတယ်။ ဖောင်တွေ ဖြည့်တယ်။ ဒါပေမယ့် ပစ္စည်းတွေ မရောက်လာဘူး” လို့ ပြောပါတယ်။
မြန်မာ့လက်ဝှေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်လောက်ကတည်းက ခေတ်စားလာခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၃၀၀ ဝန်းကျင် သက်တမ်းရှိတဲ့ ထိုင်းလက်ဝှေ့ “မွေထိုင်း”ထက် အများကြီး စောခဲ့တယ်လို့ ရိုးရာ လက်ဝှေ့ပညာရှင်တွေက နှိုင်းယှဉ်ပြကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာကို ထိုးဖောက်နိုင်စွမ်းကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။
လက်ဝှေ့ အားကစားသမားတဦးက “ကျနော်တို့ မြန်မာနိင်ငံမှာ (ဆီးဂိမ်း)လာလုပ်တော့ ရိုးရာလက်ဝှေ့ ပါစေချင်တာပေါ့။ မွေထိုင်းကတော့ ဝါသနာမပါဘူး။ ထိုးချင်စိတ်လည်းမရှိဘူး။ မြန်မာ့လက်ဝှေ့ကိုပဲ နှစ်သက်တယ်” လို့ ပြောပါတယ်။
ဆီးဂိမ်းမှာ ထိုင်းလက်ဝှေ့ “မွေထိုင်း” ကို ဝင်ယှဉ်ပြိုင်မယ့် မြန်မာကစားသမား ၁၂ ယောက် ရှိပါတယ်။ ထိုင်းရိုးရာ မွေထိုင်းနဲ့ မြန်မာရိုးရာ လက်ဝှေ့ဟာ ဆင်သလို ရှိပေမယ့် ကွားခြားမှုတွေ ရှိပါတယ်။။
မြန်မာလက်ဝှေ့နဲ့ ယှဉ်ပြိုင်ခွင့် မရတာကြောင့် မြန်မာလက်ဝှေ့ အားကစားသမားတွေ ပွဲအနိုင်နဲ့ အရှုံးကို ကြိုတင်ခန့်မှန်းဖို့ မလွယ်ဘူးလို့ သုံးသပ်နေကြပါတယ်။