ပိုးထိလူနာ လာပို့တဲ့ ကျိုက်ခမီမြို့က စေတနာ့ဝန်ထမ်း ၂ ဦးကို ညမထွက်ရအမိန့် ဖောက်ဖျက်တယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ သံဖြူဇရပ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၁ လ အမိန့်ချမှတ်လိုက်ပါတယ်။
ကျိုက်ခမီမြို့ရှိ ဟိတကာရီ လူငယ်များနာရေးကူညီမှုအသင်းရဲ့ စေတနာ့ဝန်ထမ်းတွေ ဖြစ်တဲ့ ကိုတရုတ်နဲ့ ကိုအောင်လင်းထက်တို့ကို မတ်လ ၁၆ ရက်နေ့မှာ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့တာပါ။
စေတနာ့ဝန်ထမ်း အမျိုးသား ၂ ဦးဟာ မတ် ၁၀ ရက်နေ့ ညပိုင်းမှာ ကျိုက်ခမီမြို့က ပိုးထိလူနာကို မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
လူနာပို့ဆောင်ပြီးအပြန် ကျိုက်ခမီမြို့အနားအရောက်မှာ လူနာတင်ယာဉ်ဆီဖြည့်နေစဉ် ည ၈ နာရီ ကျော်သွားလို့ဆိုပြီး စစ်တပ်က လာရောက် ဖမ်းဆီးသွားပြီးနောက် ထောင်ဒဏ် အမိန့်ချ မှတ်ခဲ့တာပါ။
လူနာ အသက်ကယ်တင်ပေးနေတဲ့ လူမှုကယ်ဆယ်ရေးသမားတွေကို ထောင်ဒဏ် အမိန့်ချအရေးယူတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အကြမ်းဖက်စစ်အုပ်စုက ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့ အများစု ညပိုင်း အရေးပေါ်ကူညီမှုတွေ ရပ်နားလာပါတယ်။