နှစ်မကုန်ခင် ပြည်တွင်းဖြစ် Pepsi ထွက်မည်
DVB
·
October 21, 2013

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်ရပြီးတာနဲ့ အခုနှစ် မကုန်ခင် ပက်ပစီ (Pepsi) အချိုရည်တွေ ထုတ်လုပ် ဖြန့်ဖြူးရောင်းချသွားနိုင်မယ်လို့ မကြာသေးခင်ကပဲ ကားလ်ဘတ်(Carlsberg) ဘီယာလုပ်ငန်းမှာ ဖက်စပ် ပါတနာအဖြစ် ပါဝင်ခဲ့တဲ့ Myanmar Golden Star ကုမ္ပဏီ တာဝန်ခံ ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
အရင် Pepsi ဦးသိန်းထွန်းလို့ နာမည်ကြီးတဲ့ ဦးသိန်းထွန်းရဲ့ Myanmar Golden Star ကုမ္ပဏီဟာ Pepsi ကုမ္ပဏီ၊ ကိုရီးယားကုမ္ပဏီ တခုနဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာ Pepsi Cola, 7 up နဲ့ ကိုရီးယား အမှတ်တံဆိပ် အချိုရည်တွေကို ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဦးသိန်းထွန်းဟာ ၁၉၉၀ နောက်ပိုင်းနှစ်တွေမှာ Pepsi ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Pepsi Cola, 7 up နဲ့ Mirinda စတဲ့ အချိုရည်တွေ ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး ၁၉၉၇ အရောက်မှာတော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ရေး လှုပ်ရှားမှုတွေ ပြင်းထန်လာချိန်မှာတော့ Pepsi ကုမ္ပဏီ မြန်မာပြည်ကနေ ရုပ်သိမ်းသွားခဲ့ရပါတယ်။
လက်ရှိ အစိုးရအပြောင်းအလဲ ဖြစ်ပြီးနောက် ပြည်တွင်းမှာ ကိုကာကိုလာအချိုရည် ကျပ် ၃၀၀ တန်နဲ့ ၇၀၀တန် ပလစ်စတစ်ဗူးတွေ ထုတ်လုပ်နေပြီး ဈေးကွက်နေရာလည်း ကျယ်ကျယ် ပြန့်ပြန့် ရရှိထားပါတယ်။
