ဖမ်းဆီးတရားစွဲခံထားရတဲ့တနင်္သာရီတိုင်း မြိတ်မြို့က ဒီဗွီဘီသတင်းထောက်ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်ကို ဒီကနေ့ ရုံးချိန်းဖြစ်ပေမယ့် ရုံးမထုတ်ဘူးလို့ ဇနီးသည် မနေခြည်မိုးထက်က ပြောပါတယ်။
မနေခြည်မိုးထက်က “ကိုအောင်ကျော်ရုံးချိန်းက ဒီကနေ့ ရုံးမထုတ်ဖြစ်ဘူးထင်တယ်။ ရှေ့နေကို စုံစမ်းကြည့်တော့ ရှေ့နေက ဒီကနေ့ အမှုတွဲရုံးကို မရောက်လာဘူးတဲ့။ အင်တာနက်လိုင်း မကောင်းလို့ video conferencing (အွန်လိုင်းမှ စစ်ဆေးကြားနာခြင်းကိစ္စ) မလုပ်ဖြစ်ဘူးလား မသိဘူး။ မနက်ဖန်ကျမှ ရှေ့နေက အကြောင်းပြန်မယ်လို့ ပြောတယ်” ပြောပါတယ်။
ကိုအောင်ကျော်အတွက် လိုက်ပါဆောင်ရွက်ပေးဖို့ ရှေ့နေရှိပေမယ့် ဒီကနေ့ထိ ကိုအောင်ကျော်နဲ့ တွေ့ခွင့်မရသေးတာကြောင့် ကိုယ်စားလှယ်ပါဝါ မလွှဲအပ်ရသေးဘူးလို့ဆိုပါတယ်။
ဒီဗွီဘီသတင်းထောက်ကိုအောင်ကျော်ကို မတ်လ ၁ ရက်နေ့ညမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက မြိတ်မြို့က နေအိမ်တွင်း အင်အားသုံး၊ ချင်းနင်းဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အလာတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒီဗွီဘီသတင်းထောက် ကိုမင်းညိုလည်း ပုဒ်မ ၅၀၅ ကနဲ့ ဖမ်းဆီးတရားစွဲခံထားရပြီး သတင်းသမားစုစုပေါင်း ၄၀ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပါက ထောင်ဒဏ် အများဆုံး ၂ နှစ်နဲ့ ငွေဒဏ်ပူးတွဲချမှတ်နိုင်ပါတယ်။