ဖမ်းဆီးတရားစွဲခံထားရတဲ့ ပြည်မြို့က ဒီဗွီဘီသတင်းထောက်ကိုမင်းညိုကို မိသားစုဝင်တွေက တွေ့ခွင့်မရသေးသလို ရှေ့နေကိုယ်စားလှယ်လွှဲလို့ မရသေးဘူးလို့ သိရပါတယ်။
ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားရတဲ့ ကိုမင်းညိုဟာ ဒီကနေ့ထိ ရှေ့နေနဲ့ တွေ့ခွင့်မရသေးဘူးလို့ မြေလတ်သတင်းဌာနက ကိုကောင်းမြတ်မင်းထံက သိရပါတယ်။
ပြည်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ ကိုမင်းညိုရဲ့ ကျန်းမာရေးမဆိုးဘူးလို့ သိရပမယ့် ဖမ်းဆီးစဉ်က သေနတ်ဒင်နဲ့ရိုက်လို့နောက်စေ့ဒဏ်ရာရခဲ့တာကိုတော့ မိသားစုက အပြင်မှာ ဆေးကုသချင်နေကြတယ်လို့ ဆိုပါတယ်။
မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ကိုမင်းညိုကို ရုံးထုတ်မယ့်ရက်မတိုင်မီ ရှေ့နေနဲ့ တွေ့ခွင့်ရဖို့နဲ့ အာမခံလျှောက်ထားနိုင်ဖို့ လိုလားနေကြပါတယ်။
မိသားစုဝင်တွေအနေနဲ့ကိုမင်းညိုကို ထောင်ဝင်စာသွားတွေ့ပြီး အစားအသောက်ပေးဝေနိုင်ပေမယ့် စကားပြောတဲ့အခါမှာတော့ ထောင်ဝန်ထမ်းကြားခံကနေ တဆင့်သာ ပြောခွင့်ရတယ်လို့ဆိုပါတယ်။ မူလက တပတ်ကို ၂ ရက် ထောင်ဝင်စာတွေ့ခွင့်ရပေမယ့် ခုတော့ တပတ်ကို တကြိမ်သာ ထောင်ဝင်စာတွေ့ခွင့်ရတော့မယ်လို့ဆိုပါတယ်။
မြိတ်မြို့က ဒီဗွီဘီသတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်လည်း ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး မြိတ်ထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။ စစ်ကောင်စီတက်ကတည်းက နိုင်ငံတဝန်း သတင်းထောက် ၄၀ ကျော် ဖမ်းဆီးခံထားရပါတယ်။
တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပါက ထောင်ဒဏ် အများဆုံး ၂ နှစ်နဲ့ ငွေဒဏ်ပူးတွဲချမှတ်နိုင်ပါတယ်။