မန္တလေးတိုင်း ဝမ်းတွင်းမြို့ မတ်လ ၁၆ ရက် မနက်ပိုင်းက ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတစ်ဦး ပြန်လွှတ်ပေးဖို့တောင်းဆိုရာမှ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ၂ ဦး ဖမ်းဆီးခံရပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
ဆန္ဒပြသူတစ်ဦးက "ဒီမနက် ဆန္ဒပြထွက်လာတော့ လူစုခွဲခိုင်းတယ်။ လူစုမခွဲလို့ ဦးဆောင်သူတစ်ဦးကို ဖမ်းဆီးတယ်။ ရဲစခန်းမှာ ဖမ်းထားသူပြန်လွှတ်ပေးဖို့ ဝိုင်းပြီး တောင်းဆိုတာ ပစ်ခတ်ဖြိုခွင်းတာ အမျိုးသားတစ်ဦး ရာဘာကျည်မှန်တယ်။ အမျိုးသမီးတစ်ဦး ကျည်အစစ်မှန်တယ်။ ဆေးကုသမှု ခံယူနေရတယ်"လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့ဟာ အိမ်တွင်းစက်မှုရက်ကန်းလုပ်ငန်းတွေနဲ့ အသက်မွေးတဲ့မြို့တစ်မြို့ဖြစ်ပြီး ရက်ကန်းအလုပ်သမားတွေ အများစုနေထိုင်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်ကစပြီး ၃၇ ရက်မြောက် ဆန္ဒပြတာဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ကျေးလက်နေပြည်သူတွေ ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါတယ်။