မနေ့ညက ပစ်ခတ်မှုကြောင့် လူအသေအပျောက်ရှိခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ ဒီနေ့ နေ့လယ်ပိုင်းက ရဲနဲ့စစ်သားအင်အားအလုံးအရင်းနဲ့ ၀င်ရောက်ပြီး ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီရပ်ကွက်တွေအတွင်းက NLD ပါတီဝင်တွေအိမ်ကို ၀င်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။
ဒေါပုံမြို့နယ်အတွင်း ညသပိတ်တွေ ရက်ဆက်ပြုလုပ်ခဲ့ပြီးနောက် မနေ့ညက ရဲအင်အားနဲ့ ဖမ်းဆီးရာမှာ ထွက်ပြေးသူတွေကို ရပ်ကွက်တွင်းထိ လိုက်လံပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ဒီညလည်း ဘယ်လိုဖြစ်မလဲမသိဘူး။ ရပ်ကွက် ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို ရဲ အယောက် ၁၀၀ လောက် ဝိုင်းထားတယ်။ လမ်းတွေထဲကိုလည်း အယောက် ၂၀ လောက်ရှိတယ်၊ တအိမ်ပြီးတအိမ်ဝင်ရှာတယ်။ ပါးတွေနားတွေရိုက်နေတယ်။ ဒီညလည်း လုပ်ရဲရင် လုပ်ကြ (ညသပိတ်ဆန္ဒပြခြင်းကိုရည်ညွှန်း) ဆိုပြီးပြောပြီး ညကျရင် သေပြီသာမှတ်တော့”လို့ ပြောနေတယ်။
အိမ်တွေထဲကနေ ခေါ်ထုတ်သွားတာတွေသာ ကြားရပေမယ့် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ အခြေအနေ အသေးစိတ်မသိနိုင်သေးဘဲ၊ အမျိုးသားတွေကိုတော့ ရဲကားတွေပေါ်ကို တက်ခိုင်းပြီး ဖမ်းဆီးတယ်လို့လည်း ကြားရပါတယ်။