ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁၅ ရက်နေ့ ညပိုင်းက ရပ်ကွက်အချို့မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြတဲ့အနေနဲ့ ညသပိတ်ကို ဆက်လက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက်နေ့ညပိုင်းက စစ်တပ်နဲ့ရဲက ညသပိတ်ပြုလုပ် ဆန္ဒပြသူတွေကို ရပ်ကွက်တွေထဲထိ ကျည်အစစ်နဲ့လိုက်လံပစ်ခတ်ဖြိုခွင်းခဲ့ လို့ သေဆုံးသူ ၂ ဦးထိရှိခဲ့ပေမယ့် ညသပိတ်နဲ့ ဆက်လက် ဆန္ဒပြနေ ကြတယ်လို့ ဒေသခံတွေက DVB ကိုပြောပါတယ်။
ညပိုင်းမှာ ရပ်ကွက်တွေထဲ ဖရောင်းတိုင်မီးထွန်းပြီး ညသပိတ်ပြုလုပ်ဆန္ဒပြသလို နေခင်းပိုင်းမှာလည်း မြို့ပေါ်လူစည်ကားတဲ့ နေရာတွေမှာ ပျောက်ကြားစနစ်နဲ့ စစ်ကြောင်းခွဲကာ ဆန္ဒပြတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၇ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၇ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၆ ကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။